ဓမ္မပဒအတွေးအမြင် - ၅
လူမိုက်ဟာ ယခုဘဝအကျိုး၊ နောင်ဘဝအကျိုး၊
လောကီအကျိုး၊ လောကုတ္တရာအကျိုး၊
သူ့အကျိုး၊ ကိုယ့်အကျိုး၊
အကြောင်း အကျိုး၊
အကောင်း အဆိုး၊
အမှား အမှန် ------ ကို မသိမြင်ပါဘူး။
လူမိုက်အတွက်
သံသရာဟာ ရှည်လျားလိုက်တာ။
လူမိုက်တွေမှာ မိတ်ဆွေလက္ခဏာ မရှိပါဘူး။
တရားမကြိုက်၊ အမှားလိုက်တဲ့
လူမိုက်ကို မပေါင်းပါနဲ့။
ငါ၊ ငါ့သားသမီး၊ ငါ့ဥစ္စာပစ္စည်း၊
ငါ မှ ငါ
ဆိုတဲ့စိတ်နဲ့
လူမိုက်ဟာ ပူလောင်ပင်ပန်းဆင်းရဲရပါတယ်။
လူမိုက်တွေဟာ
မိမိကိုယ်ကို ရန်သူကြီးလိုဖြစ်အောင်
ကျင့်ဆောင်ပါတယ်။
စိတ်မိုက်ဟာ ရန်သူအစစ်ပါ။
နောင်ခါ နောင်တ နှောင်းမှရ။
နောင်တရစရာတွေလုပ်တာ လူမိုက်။
နောင်တထပ်ခါ ပူပန်စေတဲ့အလုပ်တွေ
လုပ်တာ မကောင်းပါဘူး။
အဲဒီ(မကောင်းမှုကံ) ရဲ့အကျိုးကို
မျက်ရည်နဲ့မျက်ခွက် ငိုယိုပြီး
ခံစားသုံးဆောင်ရလို့ပါပဲ။
မကောင်းမှုကံ အကျိုးမပေးသေးချိန်မှာ
လူမိုက်ဟာ မကောင်းမှုကို
ပျားလည်လို (ချိုမြိန်လိုက်တာ)လို့
ထင်မှတ်မှားပါတယ်။
လူမိုက်ဟာ ဓါးသွားထက်က အဆိပ်လူးပျားရည်စက်ကို
အားရပါးရ လျက်မြိုပါတယ်။
လူမိုက်ပိုင်ဆိုင်ထားတာတွေဟာ
လောင်စာတွေပါ။
လူမိုက်ဟာအရည်အချင်းမရှိဘဲ အချီးမွမ်းခံချင်၊ ဆရာကြီးဖြစ်ချင်လို့
ကိုယ်ဂုဏ်ကိုယ်ဖော် မသူတော်ပါပဲ။
ငြိမ်းအေးမှုမရှိဘဲ
ငွေရဖို့ တစ်ခုတည်းကြည့်ရင်
လူမိုက်ပါပဲ။
မိုက်မှန်းသိရင် ကောင်းလာနိုင်ပါသေးတယ်။
ဓမ္မပဒ၊ ဗာလဝဂ္ဂ ကို ညွှန်းပါသည်။
အရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်
No comments:
Post a Comment