Showing posts with label ဓမ္မဒူတမဂ္ဂဇင်းဆောင်းပါး. Show all posts
Showing posts with label ဓမ္မဒူတမဂ္ဂဇင်းဆောင်းပါး. Show all posts

Friday, March 16, 2018

ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ

ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ
#ဓမ္မဒူတမဂ္ဂဇင်း၊ မတ်လ ၂၀၁၈
( ၁ )

မြတ်စွာဘုရား ရာဇဂြိုဟ်မြို့၊ ဝေဠုဝန်ကျောင်းတိုက်မှာ သီတင်းသုံးတော်မူစဉ်အခါက---။
လှည်းသမားတစ်ယောက်ရဲ့ သားလေးဟာ အမြဲတမ်း ဘုရားရှင်ရဲ့ဂုဏ်တော်တွေကို တတ်သိသလောက်၊ မှတ်သားမိသလောက် ပွားများပြီး "နမောဗုဒ္ဓဿ(မြတ်ဗုဒ္ဓအားရှိခိုးပါ၏)"လို့ ရွတ်ပွားလေ့ရှိပါတယ်။ ဗုဒ္ဓါနုဿတိ (ဂုဏ်တော်ပွားနည်း)ကတော့ သူ့သူငယ်ချင်းဆီက သင်ကြားထားတာပါ။ အဲဒီကလေးဟာ တစ်နေ့တော့ မြို့ပြင်က သုဿာန်မှာ တစ်ယောက်တည်း တစ်ညတာ အိပ်ရဖို့ ကြုံလာပါတယ်။ သူ့အဖေက နွားပျောက်ရှာရင်း အချိန်လွန်သွားတဲ့အတွက် မြို့တံခါးပိတ်ချိန်ကိုမမီလို့ မြို့ပြင်ကို မလာနိုင်တော့ပါဘူး။ ကလေးဟာ အိပ်ခါနီးမှာ ဗုဒ္ဓါနုဿတိပွားပြီး "နမောဗုဒ္ဓဿ" လို့ အထပ်ထပ်အခါ ရွတ်ဆိုရင်း လှည်းအောက်မှာ အိပ်ပျော်သွားပါတော့မယ်။ ညနက်တော့ သုဿာန်မှာ အစာရှာလာတဲ့ ဘီလူးနှစ်ကောင်ထဲက တစ်ကောင်ဟာ ကလေးကို စားမယ်ဆိုပြီး ခြေထောက်ဆွဲလိုက်ပါတယ်။

ဗုဒ္ဓါနုဿတိကို ထုံနေအောင်ပွားထားတဲ့ ကလေးက ခြေထောက်ဆွဲခံလိုက်ရတဲ့အခါ "နမောဗုဒ္ဓဿ" လို့ ယောင်ပြီးရွတ်ဆိုမိပါတယ်။ ဒီအသံကြားလိုက်ရတဲ့အခါ ကလေးခြေထောက်ဆွဲမိတဲ့ ဘီလူးဟာ ဓာတ်လိုက်သလို အလန့်တကြားဖြစ်သွားပါတယ်။
ကြောက်လန့်ပြီး နောင်တရသွားတဲ့ ဘီလူးဟာ မိမိကိုယ်ကို ဒဏ်ပေးတဲ့အနေနှင့် ဗိမ္ဗိသာရမင်းကြီးရဲ့ နန်းတော်ထဲက ပွဲတော်အုပ်ကို သွားယူပါတယ်။ အဲဒီအချိန်မှာ ကျန်တဲ့ ဘီလူးဟာ ကလေးကို စောင့်ရှောက်နေရစ် ပါတယ်။ ဘီလူးနှစ်ကောင်ဟာ ကလေးကိုနှိုးပြီး မိဘနှစ်ပါးအသွင်နှင့် ပွဲတော်စာတွေကို ကျွေးမွေးပါတယ်။

မနက်လင်းတဲ့အခါ ဘုရင့်ပွဲတော်အုပ်ပျောက်လို့ လိုက်ရှာတဲ့ မင်းချင်းတွေဟာ လှည်းထဲမှာ ပွဲတော်အုပ်ကို တွေ့တဲ့အတွက် ကလေးကိုဖမ်းပြီး မင်းကြီးရှေ့ ပို့လိုက်ပါတယ်။ မင်းကြီးမေးစစ်တဲ့အခါ ကလေးက သူမယူပါဘူး။ မိဘတွေက နှိုးပြီးကျွေးတာကိုပဲ သိပါတယ် လို့ ဖြေပါတယ်။ မင်းကြီးက ပွဲတော်အုပ်မှာ ဘီလူးနှစ်ကောင် ရေးထားတဲ့စာကို ဖတ်မိလို့ ဖြစ်ရပ်မှန်ကို သိနေပါပြီ။ အဲဒီစာကို မင်းချင်းတွေ မမြင်ရဘဲ မင်းကြီးပဲ မြင်ရတာပါ။ မင်းကြီးဟာ ကလေးရဲ့ မိဘနှစ်ပါးကိုလည်း ခေါ်လိုက်ပါတယ်။ ပြီးတော့ မင်းကြီးက လှည်းသမားမိသားစုနှင့်အတူ မြတ်စွာဘုရားဆီ သွားရောက်ဖူးမြော်ပြီး အကြောင်းစုံကို လျှောက်ထားပါတယ်။

"ရှင်တော်မြတ်ဘုရား၊ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကသာ စောင့်ရှောက်တာပါလား" လို့ မင်းကြီးက မေးမြန်း လျှောက်ထားပါတယ်။ ဗုဒ္ဓါနုဿတိအပါအဝင် ကမ္မဌာန်းခြောက်မျိုးက စောင့်ရှောက်တတ်ကြောင်း မြတ်စွာဘုရားက ဖြေကြားတော်မူပြီး တရားဟောတဲ့အခါ လှည်းသမားမိသားစု သုံးဦးလုံး သောတာပန်တည်သွားကြပါတယ်။ နောင်အခါမှာ ရဟန်းပြုပြီး သုံးဦးလုံး ရဟန္တာဖြစ်သွားကြပါတယ်။ အဲဒီအကြောင်းအရာနှင့်ပတ်သက်တဲ့ ဓမ္မပဒဂါထာ မြန်မာပြန်က -

နေ့မှာပဲဖြစ်ဖြစ်၊ ညမှာပဲဖြစ်ဖြစ်၊ အမြဲတမ်း
မြတ်ဗုဒ္ဓဂုဏ်တော်ကို အာရုံပြု သတိရနေကြတဲ့ ဘုရားရှင်ရဲ့တပည့်သာဝကတွေဟာ
နေ့ရောညပါ အခါခပ်သိမ်း ရွင်လန်းဝမ်းသာ ကောင်းမွန်စွာ နိုးကြားကြပါတယ်။

နေ့မှာပဲဖြစ်ဖြစ်၊ ညမှာပဲဖြစ်ဖြစ်၊ အမြဲတမ်း
တရားဂုဏ်တော်ကို အာရုံပြု သတိရနေကြတဲ့ ဘုရားရှင်ရဲ့တပည့်သာဝကတွေဟာ
နေ့ရောညပါ အခါခပ်သိမ်း ရွင်လန်းဝမ်းသာ ကောင်းမွန်စွာ နိုးကြားကြပါတယ်။

နေ့မှာပဲဖြစ်ဖြစ်၊ ညမှာပဲဖြစ်ဖြစ်၊ အမြဲတမ်း
သံဃဂုဏ်တော်ကို အာရုံပြု သတိရနေကြတဲ့ ဘုရားရှင်ရဲ့တပည့်သာဝကတွေဟာ
နေ့ရောညပါ အခါခပ်သိမ်း ရွင်လန်းဝမ်းသာ ကောင်းမွန်စွာ နိုးကြားကြပါတယ်။

နေ့မှာပဲဖြစ်ဖြစ်၊ ညမှာပဲဖြစ်ဖြစ်၊ အမြဲတမ်း
(ကာယာနုပဿနာ) ကာယဂတာသတိ ရှိနေကြတဲ့ ဘုရားရှင်ရဲ့တပည့်သာဝကတွေဟာ
နေ့ရောညပါ အခါခပ်သိမ်း ရွင်လန်းဝမ်းသာ ကောင်းမွန်စွာ နိုးကြားကြပါတယ်။

နေ့မှာပဲဖြစ်ဖြစ်၊ ညမှာပဲဖြစ်ဖြစ် အမြဲတမ်း
ကရုဏာဘာဝနာမှာ ပျော်မွေ့ကြတဲ့ ဘုရားရှင်ရဲ့တပည့်သာဝကတွေဟာ
နေ့ရောညပါ အခါခပ်သိမ်း ရွင်လန်းဝမ်းသာ ကောင်းမွန်စွာ နိုးကြားကြပါတယ်။

နေ့မှာပဲဖြစ်ဖြစ်၊ ညမှာပဲဖြစ်ဖြစ်၊ အမြဲတမ်း
မေတ္တာဘာဝနာမှာ ပျော်မွေ့ကြတဲ့ ဘုရားရှင်ရဲ့တပည့်သာဝကတွေဟာ
နေ့ရောညပါ အခါခပ်သိမ်း ရွင်လန်းဝမ်းသာ ကောင်းမွန်စွာ နိုးကြားကြပါတယ်။

( ဓမ္မပဒ - ၂၉၆၊ ၂၉၇၊ ၂၉၈၊ ၂၉၉၊ ၃၀၀၊ ၃၀၁ )

( ၂ )

ဗုဒ္ဓါနုဿတိ ဘုရားဂုဏ်တော် ပွားများတာ၊ တရားဂုဏ်တော် ပွားများတာ၊ သံဃာဂုဏ်တော် ပွားများတာ၊ ကာယာနုပဿနာသတိပဌာန် ပွားများတာ၊ ကရုဏာဘာဝနာ ပွားများတာ၊ မေတ္တာဘာဝနာ ပွားများတာ၊ ဒီ (၆)ပါးဟာ အစောင့်အရှောက်တွေပါ။ ဓမ္မကိုယ်ရံတော်တွေပါ။

ဓမ္မဒူတဆရာတော်ကြီး အရှင်ပညာဇောတ ရဲ့ ဗုဒ္ဓါနုဿတိမေတ္တာပွားနည်းကလည်း မှတ်သားစရာ ကောင်းလှ ပါတယ်။
'' ဘေးရန်ခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား၊ သတ္တဝါအားလုံးတို့ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။ "
ဂုဏ်တော်နှင့် မေတ္တာတွဲထားတဲ့ ဒီစာသားလေးဟာ ပွားသူရင်မှာ၊ ကြားသူရင်မှာ အငြိမ်းဓာတ်တွေ ကူးစက်လာစေနိုင်ပါတယ်။

ဘေးရန်က အတွင်းရန်၊ အပြင်ရန်ဆိုပြီး နှစ်မျိုးရှိပါတယ်။ စိတ်ဆိုး စိတ်ညစ် စိတ်ပုပ် စိတ်ယုတ် စိတ်ပူတွေဟာ အတွင်းဘေးရန်ပါ။ ကိလေသာတွေဟာ အတွင်းဘေးရန်တွေပါ။ "အရဟံ - ကိလေသာမာရ် ကိုယ်တွင်းရန်တို့၊ ဝါသနာဓလေ့ အထုံငွေ့မျှ၊ မငွေ့မရိပ် ဝင်းဝင်းဖိတ်သို့၊ ရွှေစိတ်ပျံ့သင်း လွန်သန့်ရှင်း၍၊ မင်းမင်းပြည်သူ ကြည်ဖြူကော်ရော်၊ အလှူတော်မှန် အပူဇော်ခံထိုက်သော မြတ်စွာဘုရား" တဲ့။

မြတ်စွာဘုရားမှာ လောဘ၊ ဒေါသ၊ မောဟ အစရှိတဲ့ ကိလေသာတွေ၊ စိတ်အပူအလောင်တွေ (အတွင်းဘေးရန်တွေ) လုံးဝငြိမ်းအေးနေပါတယ်။ ကိုယ်တော်တိုင် ငြိမ်းအေးတော်မူရုံမျှမကပါဘူး။ ဝေနေယျ သတ္တဝါတွေကိုလည်း ငြိမ်အေးအောင် ကူညီလမ်းပြတော်မူပါတယ်။ ကိုယ်တော်တိုင် ကိလေသာကင်းစင်တော်မူရုံပဲ မဟုတ်ပါဘူး။ သတ္တဝါတွေကိုလည်း ကိလေသာကင်းစင်အောင် တရားရေအေး အမြိုက်ဆေး တိုက်ကျွေးတော်မူ ပါတယ်။ ကိုယ်တော်တိုင် လောဘ၊ဒေါသ၊မောဟ ကင်းစင်တော်မူရုံတင်မဟုတ်ပါဘူး။ သတ္တဝါအပေါင်း တို့အားလည်း လောဘ၊ ဒေါသ၊ မောဟတွေကင်းစင်အောင် ဟောပြတော်မူပါတယ်။ သတ္တဝါအများ ငြိမ်းအေးချမ်းသာအောင် မနားမနေ ကြိုးစားတော်မူတဲ့ အနှိုင်းမဲ့ မေတ္တာကရုဏာတော်ရှင် ဖြစ်တော်မူပါတယ်။

ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ဘဝကတည်းက “ ဗုဒ္ဓေါ ဗောဓေယျံ - ငါလည်း သစ္စာတရားကို သိမြင်၊ သတ္တဝါအများလည်း သိမြင်စေရမယ်။ တိဏ္ဏော တာရေယျံ - ငါလည်း သံသရာပင်လယ် ရေပြင်ကျယ်ကို ကူးမြောက်၊ သတ္တဝါအများလည်း ကူးမြောက်စေရမယ်။ မုတ္တော မောစေယျံ - ငါလည်း သံသရာဝဋ်ဆင်းရဲထဲက လွတ်မြောက်၊ သတ္တဝါအများလည်း လွတ်မြောက်စေရမယ်။ ” လို့ မေတ္တာကရုဏာကြီးမားစွာနှင့် အဓိဋ္ဌာန်ခဲ့တာပါ။။ တစ်ကိုယ်တည်းဆို တရားနာရင်း ခုချက်ချင်း နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါလျက် ဘဝပေါင်းအသင်္ချေအနန္တ အပင်ပန်းခံပြီး ပါရမီဖြည့်ဆည်းရမယ့် သမ္မာသမ္ဗုဒ္ဓဆုကြီးကိုပဲ ပန်ဆင်တော်မူခဲ့ပါတယ်။ ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ဘဝကတည်းက အံ့သြစရာ ကောင်းလောက်အောင် မေတ္တာကရုဏာကြီးမားခဲ့တာပါ။

ဒီအကြောင်းကို ဂုဏ်တော်မေတ္တာပွားနည်းနှင့် ချဲ့ထွင်ပွားကြည့်ပါ -
ဘေးရန်ခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား၊ သတ္တဝါအားလုံးတို့ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
လောဘခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား၊ သတ္တဝါအားလုံးတို့ လောဘခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား၊ သတ္တဝါအားလုံးတို့ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
မောဟခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား၊ သတ္တဝါအားလုံးတို့ မောဟခပ်သိမ်း ငြိမ်းကြပါစေ။
သောကခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား၊ သတ္တဝါအားလုံးတို့ သောကခပ်သိမ်း ငြိမ်းကြပါစေ။
စိုးရိမ်ခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား၊ သတ္တဝါအားလုံးတို့ စိုးရိမ်ခပ်သိမ်း ငြိမ်းကြပါစေ။
ကိလေသာခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား၊ သတ္တဝါအားလုံးတို့ ကိလေသာခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းတော်မူသော မြတ်စွာဘုရား၊ သတ္တဝါအားလုံးတို့ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ -အစရှိသဖြင့်ပေါ။ ကိုယ်ဉာဏ်ရှိသလို၊ အဆင်ပြေသလိုပွားများ လို့ရပါတယ်။

ကိုယ်တော်တိုင်လည်း ဘေးရန်ကင်းစင်တော်မူ၊ သူတစ်ပါးကိုလည်း ဘေးရန်ကင်းစင်အောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။
ကိုယ်တော်တိုင်လည်း သောကကင်းစင်တော်မူ၊ သူတစ်ပါးကိုလည်း သောကကင်းစင်အောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။
ကိုယ်တော်တိုင်လည်း စိတ်အပူအလောင် ကင်းစင်တော်မူ၊ သူတစ်ပါးကိုလည်း စိတ်အပူအလောင် ကင်းစင်အောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။
သတ္တဝါအားလုံးတို့ကို တရားရေအေးအမြိုက်ဆေး တိုက်ကျွေးတော်မူသော မြတ်စွာဘုရား။
ကိုယ်တော်တိုင်လည်း စိတ်အေးချမ်းတည်ကြည်ပြီးလျှင် သူတစ်ပါးကိုလည်း စိတ်အေးချမ်းတည်ကြည်အောင် လမ်းညွှန်တော်မူသော မြတ်စွာဘုရား။
ကိုယ်တော်တိုင်လည်း စိတဖြူစင်သန့်ရှင်းပြီးလျှင် သူတစ်ပါးကိုလည်း စိတ်ဖြူစင်သန့်ရှင်းအောင် လမ်းညွှန်တော်မူသော မြတ်စွာဘုရား။
ကိုယ်တော်တိုင်လည်း စိတ်ရွင်လန်းချမ်းသာပြီးလျှင် သူတစ်ပါးကိုလည်း စိတ်ရွှင်လန်းချမ်းသာအောင် လမ်းညွှန်တော်မူသော မြတ်စွာဘုရား။
အတုမရှိသော မေတ္တာကရုဏာတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား ---  အစရှိသဖြင့်လည်း ပွားလို့ရပါတယ်။ အဲလိုပွားများခြင်းအာဖြင့် မြတ်စွာဘုရားရဲ့ အတုမရှိတဲ့ မေတ္တာကရုဏာဓာတ်တော်တွေ ကိုယ့်ဆီကို ကူးစက်စိမ့်ဝင်လာတယ်လို့ ခံစားရပြီး အားတက်ရွှင်လန်း ဝမ်းသာပီတိဖြစ်မိမှာပါ။ မေတ္တာကြီးမား မြတ်ဘုရားရဲ့ ဂုဏ်တော်ကို ပွားလိုက်ရတဲ့အတွက် စစ်မှန်တဲ့မေတ္တာဓာတ်တွေ အားကောင်းလာမှာပါ။ မေတ္တာဓာတ်တွေအားကောင်း လာတဲ့အခါ မေတ္တာပွားဖို့ ပိုလွယ်ကူသွားပါတယ်။ ပိုပြီးလည်း ထိရောက်အကျိုးရှိသွားပါတယ်။

ဒါ့ကြောင့် ဆရာတော်ကြီးတွေက မေတ္တာမပွားခင် ဗုဒ္ဓါနုဿတိအရင်ပွားသင့်ကြောင်း လမ်းညွှန်ခဲ့ကြတာပါ။ ‘ဒေါသကင်းစင် ဘုရားရှင်၊ ဦးတင်သူလည်း ဒေါသ ကွာ။
မေတ္တာသခင် ဘုရားရှင်၊ ဦးတင်သူလည်း မေတ္တာ ဖြာ။ ’တဲ့။

( ၃ )
လယ်တီဆရာတော်ကြီးရဲ့ ကမ္မဋ္ဌာန်းကျမ်းကြီးမှာလည်း "မေတ္တာကံကို တုပြိုင်နိုင်သော ကံဟူ၍ မရှိ၊ အနုဿတိတို့တွင် ဗုဒ္ဓါနုဿတိကံသည် ဘဝသမ္ပတ္တိအကျိုးပေးသန်၏။ ကြီးမားမြင့်မြတ်၏။ ထို့ကြောင့် ဘဝများစွာနေရဦးမည့်၊ ဘုရားဖြစ်လိုသော ဘုရားဆုပန်ပုဂ္ဂိုလ်များမှာ အထူးအားဖြင့် ဗုဒ္ဓါနုဿတိနှင့်မေတ္တာ (၂)ပါးကို လက်ကိုင်ထားကြရာ၏။ ပွားများကြရာ၏။" လို့ ပါရှိပါတယ်။
ဗုဒ္ဓါနုဿတိနှင့်မေတ္တာ ဘာဝနာနှစ်ပါးဟာ ဘဝသမ္ပတ္တိ ပြည့်စုံတိုးတက်ချမ်းသာမှုကို အပေးစွမ်းနိုင်ဆုံး ဘာဝနာတွေပါတဲ့။ ပရဟိတလုပ်နေသူတွေ၊ အများအကျိုးကို ထိထိရောက်ရောက် သယ်ပိုးလိုသူတွေအတွက်လည်း အထူးအားကိုးအားထားပြုပြီး ပွားများရမယ့် ဘာဝနာနှစ်ပါးပါ။ လယ်တီဆရာဆရာတော်ကြီးက ဘုရားဆုပန်တွေ ဗုဒ္ဓါနုဿတိနှင့်မေတ္တာ အထူးပွားရမယ်လို့ဆိုတာ အမြတ်ဆုံးအနေနှင့်ပြောထားတာပါ။  ခေါင်းဆောင်လုပ်လိုသူတွေ၊ အထွတ်အထိပ်ရောက်လိုသူတွေ ဗုဒ္ဓါနုဿတိနှင့် မေတ္တာကို အထူးပွားသင့်ကြပါတယ်။

ဂုဏ်တော်မေတ္တာပွားသူဟာ သံသရာမှာ ကျင်လည်ရတဲ့အခါလည်း မျက်နှာမငယ်ရပါဘူး။ အထက်တန်းကျ မျက်နှာပန်းလှပါတယ်။ ဝိပဿနာတရား အားထုတ်နေသူတွေအတွက်လည်း အတွင်းအပြင်ဘေးရန် ကင်းစင်အောင်၊ လောဘ၊ ဒေါသ မောဟ လျော့ပါးအောင်၊ စိတ်ကြည်လင်ရွှင်လန်းအောင်၊ ကိုယ်ချမ်းသာစိတ်ချမ်းသာနှင့် ဝိပဿနာ ကောင်းစွာ အားထုတ်နိုင်အောင် ဗုဒ္ဓါနုဿတိနှင့်မေတ္တာကို ပွားများသင့်ပါတယ်။
"စာဖတ်ပရိသတ်များအား ကိုယ်တွေ့နှင့်ယှဉ်၍ အကြံဉာဏ်တစ်ခု ပေးလိုပါသေးသည်။ မေတ္တာနှင့် လိုက်ဖက်မည့် ဘုရားဂုဏ်တော်ကို ရှေးဦးစွာ ပွားများစေလိုပါသည်။ ဘုရားဂုဏ်တော်ကို ပွားများ ပြီးမှဆက်၍ မေတ္တာဘာဝနာပွားစေလိုပါသည်။
ဤသို့ ဘုရားဂုဏ်တော်ပွားများပြီးမှ မေတ္တာဘာဝနာပွားများလျှင် အကြည်ဓာတ်များ လျှင်မြန်စွာရ၍ အချိန်ကာလမကြာမြင့်မီမှာပင် စိတ်ချမ်းသာ ကိုယ်ချမ်းသာမှုကို မုချရပါလိမ့်မည်။ ကိုယ်အမူအရာ၊ နှုတ်အမူအရာများ မယုံကြည်ဖွယ် လျင်မြန်စွာ ပြောင်းလဲလာပြီး တွေ့ကြုံဆက်ဆံ ပေါင်းသင်းရသောသူများက ချစ်ခင်လာမည်။ အကူအညီပေးလာမည်။ ဆန့်ကျင်ဘက် အတိုက်အခံမလုပ်ဘဲ ငြိမ်းချမ်းရေးရလာမည်။ အတိုက်အခံလုပ်ခြင်းထက် တူညီလက်တွဲ ဆောင်ရွက်ချင်လာမည်။
သတိပြုသင့်သည်က မိမိပို့လွှတ်သော မေတ္တာသည် စစ်မှန်သော မေတ္တာပို့နည်း၊ သူတစ်ပါး အကျိုးစီးပွားကို အမှန်တကယ်လိုလားသော စိတ်စေတနာမှန်များ ရှိဖို့တော့လိုပါသည်။ မေတ္တာပို့ပုံနည်းလမ်းမကျ၊ မေတ္တာစစ်၊ မေတ္တာမှန် မဟုတ်ပါက အကျိုးပေးမှု ထိရောက်မည်မဟုတ်ပေ။'' - လို့ ဗန်းမော်ဆရာတော်ကြီး (ဒေါက်တာကုမာရာဘိဝံသ) က မှာကြားရေးသားခဲ့ပါတယ်။ ( မေတ္တာစကား - ဝေမိုး(ကျွန်းလှ)

ဘုန်းကြီးတို့ အခုဝိပဿနာမပွားမီ " ဘေးရန်ခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား" လို့ ပွားတာက
ဗုဒ္ဓါနုဿတိဘာဝနာ ပွားတာပါ။ ဗုဒ္ဓါနုဿတိဘာဝနာဆိုတာ သမထကမ္မဋ္ဌာန်းထဲမှာ အမြတ်ဆုံးပါ။ အဲဒီ ဗုဒ္ဓါနုဿတိ ဘာဝနာ ပွားတဲ့သူမှာ မိမိ၏စိတ်ဆန္ဒ အလိုရှိသမျှ ပြည့်စုံပါတယ်လို့ အချုပ်ကိုပဲ မှတ်ထားပါ။ မေတ္တာဘာဝနာ အကျိုးကလည်း သိပြီးသားအတိုင်း အကျိုးအင်မတန်ကြီးပါတယ်။
ဗုဒ္ဓါနုဿတိပွားတဲ့ ယောဂီဟာ သဒ္ဓါထက်လာမယ်။ သဒ္ဓါထက်ထက်နှင့် ဝိပဿနာဆက်ပွားရင် မြန်မြန်ရမယ်။ မေတ္တာပွားတဲ့ယောဂီမှာ ဒေါသပယ်နိုင်မယ်။ ဒေါသကင်းရှင်းစွာနှင့် ဝိပဿနာဆက်ပွားရင်လည်း မြန်မြန်ရမယ်ဆိုတော့ အကျိုးကျေးဇူးတွေ ဆင့်ကဲဆင့်ကဲပေါ့။" - လို့ ဓမ္မဒူတဆရာတော်ကြီး အရှင်ပညာဇောတ ဟောမိန့်ထားပါတယ်။

ဦးဇင်းကတော့ ဆယ်မိုင်ကုန်းဓမ္မဒူတတောရမှာ ရိပ်သာဝင်ပြီးကတည်းက ''ဘေးရန်ခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား၊ သတ္တဝါအားလုံးတို့ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။" ဆိုတဲ့စာသားလေးကို ကြိုက်လွန်းလို့ တရားဟောတိုင်း အနည်းဆုံး(၃)ခေါက်လောက် တိုင်ပေးပါတယ်။ စရဏကုသိုလ် တစ်ခါတည်း ရသွားအောင်လို့ပါ။ တရားနာသူတွေ အနေနှင့် ဒီစာသားလေးကို မှတ်မိနေပါစေ၊ မှတ်မိတဲ့အတိုင်း ပွားများတဲ့အကျင့်လေး ရသွားပါစေလို့ ရည်ရွယ်ပါတယ်။

( ၄ )
ယောဂီလယ်သမားဒကာကြီးတစ်ယောက်ရဲ့ ကိုယ်တွေ့လျှောက်ထားချက်တစ်ခုကို(ဓမ္မဒူတဆရာတော်ကြီး) ဘုန်းကြီးတို့ ပရိသတ် ဝမ်းသာရအောင် ပြောပြပါမယ် -
" ဘုန်းကြီးဘုရား - "ဘေးရန်ခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား၊ သတ္တဝါအားလုံးတို့ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။" ဆိုတဲ့ ဘာဝနာပွားမှုဟာ အတော်တန်ခိုးထက်ပါတယ် ဘုရား။ တပည့်တော်လယ်ထဲမှာ စပါးတွေကို ကြွက်တွေကိုက်တာ ရစရာမရှိပါဘူး။ လယ်စောင့်ကောင်လေးဟာ အဲဒီကြွက်တွေကို ထောင်တယ်။ တူးတယ်။ အမျိုးမျိုး နှိမ်နင်းတယ်။ မရတဲ့အဆုံး တပည့်တော် လာပြောတယ်။ တပည့်တော်သွားကြည့်တဲ့အခါ ရစရာမရှိအောင် ဆိုးရွားနေတာ တွေ့ရပါတယ်။ ဒါနဲ့ တပည့်တော် အဲဒီဘာဝနာစာတမ်းကို စာရွက်မှာရေးပြီး တပည့်တော်လယ်ရဲ့ ဘေးထောင့်မှာ ငုတ်ရိုက်ပြီး ကြိုးချည်ပြီး ဆွဲထားပါတယ်။ တပည့်တော် လယ်ကိုပတ်ပြီး အဲဒီဘာဝနာကို အထပ်ထပ်  အခါခါ ပွားပါတယ်။ ကြွက်တွေအားလုံး ဘယ်ဆီရောက်ကုန်တယ်မသိပါ။ အကုန်ပျောက်သွားပါတယ်။ စပါးတွေလည်း အပျက်အစီးမရှိတော့ပါ။ ပြန်ကောင်းပါတယ်။ " လို့ လျှောက်ထားပါတယ်။
အဲသည်လို သူလျှောက်ထားစဉ်မှာပဲ ဘေးကဒကာတစ်ယောက်က ထပ်ပြီးတော့ လျှောက်ထားချက်က ထောက်ခံချက်တစ်ခုပေါ့။ "ဟုတ်ပါတယ်ဘုရား။ တပည့်တော်လည်း အခက်ကြုံနေတုန်း သူက အဲဒီလိုလုပ်လို့ ပျောက်သွားတယ်ဆိုတော့ တပည့်တော်လည်း အဲဒီလိုလုပ်ပါတယ်။ တပည့်တော်တို့ လယ်ထဲမှာလည်း အားလုံး ပျောက်ကုန်ပါတယ် ဘုရား" လို့ လျှောက်ပြန်တယ်။ (မီးကျီးတွင်းမှ ပွင့်သောကြာ - ဓမ္မဒူတဆရာတော်ကြီး အရှင်ပညာဇောတ)

ဓမ္မဒူတဆရာတော်ကြီး ငယ်ရွယ်စဉ် ကိုရင်လေးဘဝက မြွေနီနီလေးတစ်ကောင် အလိုက်ခံရဖူးတယ်တဲ့။ ကိုယ်ရင်လေးလည်း ပြေးမိပြေးရာ ပြေးတာပေါ့။ ပြေးရင်းနှင့် နောက်လှည့်ကြည့်လိုက်တော့ မြွေကအနားရောက်နေပြီ။ ဒီတော့ ကြောက်အားလန့်အားနှင့် တခြားအားကိုးစရာလည်း မရှိတော့ ''ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ" နှစ်ပုဒ်ပဲဆိုရသေးတယ်။ နားထဲမှာ ဘယ်လိုကြားလိုက်သလဲဆိုရင် "ဟင် - သူ သရဏဂုံ မြဲတယ်" လို့ကြားပြီး မြွေလည်း နောက်ပြန်လှည့်သွားပါတယ် တဲ့။ ဒါက ဓမ္မဒူတဆရာတော်ကြီး ငယ်စဉ်ကိုရင်လေးဘဝက အဖြစ်အပျက်ပါ။

ဦးဇင်းကိုယ်တွေ့ ပြောရမယ်ဆိုရင်တော့ - ။ ညာလက်ဖျံမှာ အချိုင့်ကြီး အမာရွတ်ကြီး ဖြစ်နေတဲ့ ဒကာကြီးတစ်ယောက်ကတော့ ဦးဇင်းကို ဒီလိုပြောပြပါတယ်။ သူက ဗိုလ်ဗှူးအငြိမ်းစားပါ။ သူဗိုလ်ကြီး ဘဝက သူပုန်တွေ ချောင်းပစ်တာ ခံရတယ်တဲ့။ သူတို့တပ်ဖွဲ့စီးလာတဲ့ ကားတွေကို အပေါ်စီးက ချောင်းပစ်တာ။ သူ့သူငယ်ချင်း ဗိုလ်ကြီးကတော့ ကျဆုံးသွားတယ်တဲ့။ အဲ့ဗိုလ်ကြီးက မင်္ဂလာဆောင်ပြီးတာ တစ်ရက်ပဲ ရှိသေးတယ်တဲ့။ (သံဝေဂရစရာကြီးပါနော်)

သူ့ကိုတော့ ကျည်ဆံက လက်ဖျံကို လာမှန်တာတဲ့။ ကျည်ဆံလာမှန်တာကလည်း ရင်ဘတ်က ခပ်မာမာအရာတစ်ခုကို ရှော်ထောက်ပွတ်ပြီး လက်ကို သွားမှန်တာတဲ့။ တကယ်လို့ ရင်ဘတ်ကအိတ်ကပ်ထဲမှာ ခပ်မာမာအရာတစ်ခု ရှိမနေရင် ကျည်ဆံက ရင်ဘတ်ထဲ ဝင်သွားမှာတဲ့။

သူက မျက်နှာသစ်တိုင်း "ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမံ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ" လို့ရွတ်တယ်တဲ့။ မျက်နှာသစ်ပြီး လက်မှာကပ်နေတဲ့ ရေတွေနှင့်လည်း ဦးခေါင်းအနှံ့ပွတ်သပ်ရင်းလည်း အဲလို ရွတ်ပါတယ်တဲ့။ အဲဒါကြောင့် ဘေးရန်က လွတ်ခဲ့တာဖြစ်မှာတဲ့။

ဆောင်းပါးအစမှာပါတဲ့ လှည်းသမားသားဟာ ဗုဒ္ဓါနုဿတိပွားလို့ ဘီလူးဘေးက လွတ်ခဲ့ပါတယ်။ နောင်အခါ ရဟန်းပြုပြီး ဝိပဿနာတရားအားထုတ်လို့ ရဟန္တာဖြစ်သွားတဲ့အခါမှာတော့ လောဘဘေး၊ ဒေါသဘေး၊ မောဟဘေး ဆိုတဲ့ အတွင်းဘေးရန်တွေအပြင်၊ ဇာတိဘေး၊ အိုဘေး၊ နာဘေး၊ သေဘေးစတဲ့ ရှိရှိသမျှဘေးရန်တွေပါ အပြီးတိုင် ငြိမ်းအေးသွားပါတော့တယ်။
စာဖတ်သူအားလုံးတို့ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
သတ္တဝါအားလုံးတို့ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။

#အရှင်ဉာဏဝရ(ပါရမီ)

ညွှန်း
၁။ ဓမ္မပဒပါဠိတော်မြန်မာပြန် (ဆဋ္ဌမူ)
၂။ စရိယာပိဋကအဋ္ဌကထာနှင့် ဗုဒ္ဓဝံသအဋ္ဌကထာ
၃။ ဓမ္မပဒဝတ္ထုတော်ကြီး (ဒုတိယတွဲ)- အရှင်ဓမ္မဿာမီဘိဝံသ
၎။ ရတနာ့ဂုဏ်ရည် - မဟာဂန္ဓာရုံဆရာတော်ကြီး
၅။ ဝိဇ္ဇာနှင့်စရဏ - ဓမ္မဒူတဆရာတော်ကြီး အရှင်ပညာဇောတ
၆။ ဓမ္မပဒ - မာဏဝ

#ဓမ္မဒူတမဂ္ဂဇင်း၊ မတ်လ ၂၀၁၈ တွင် ဖော်ပြပြီးဖြစ်ပါသည်။
#နဝမမြောက်ဆောင်းပါးလေးပါ။

Sunday, June 18, 2017

ကြာသုံးပွင့်မထေရ်


ကြာသုံးပွင့်မထေရ်

(၁)
လွန်ခဲ့သော ကမ္ဘာတစ်သိန်းထက်က ပဒုမုတ္တရမြတ်စွာဘုရား ပွင့်တော်မူချိန် ----။
ပန်းတော်ဆက်တစ်ယောက်ဟာ ရှင်ဘုရင်ကို ဆက်သဖို့ ပန်းတွေ ယူလာပါတယ်။ လမ်းခရီးမှာ ပဒုမုတ္တရမြတ်စွာဘုရားနှင့် သံဃာတော်အပေါင်းကို ဖူးတွေ့ရပါတယ်။ ကိလေသာမြူအညစ်အတွေးတွေ ကင်းဝေးဖြူစင်လို့ ငြိမ်းအေးတဲ့ ယဉ်ကျေးတဲ့ ကျက်သရေမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံတော်မူတဲ့ မြတ်ဗုဒ္ဓကို ဖူးမြင်ရတဲ့အခါ ကြည်ညိုမြတ်နိုးတဲ့စိတ်တွေ တဖွားဖွားပေါ်ပေါက်လာပါတယ်။ "ငါဟာ ဒီပန်းတွေကို မင်းကြီးကို ဆက်သရင် မြို့စား၊ ရွာစား၊ ရွှေငွေဥစ္စာ ဆုတော်လာဘ်တော်တွေ ရမှာပဲ။ ဒါတွေဟာ တစ်ကယ်တမ်းစဉ်းစားကြည့်ရင် ဘာမှ ထူးခြားတာမဟုတ်ဘူး။ မင်းကြီးကို ပန်းတွေဆက်သမယ့်အစား မြတ်ဗုဒ္ဓကို ပန်းတွေနှင့် ပူဇော်ပြီး ငြိမ်းအေးရာ နိဗ္ဗာန်ဆိုတဲ့ မြတ်ဆုမွန်ကိုပဲ ယူတော့မယ်။" ဒီလိုတွေးမိပြီး သဒ္ဓါတရားတွေ၊ ကြည်လင်တဲ့စိတ်တွေ များစွာ ဖြစ်ပေါ်လာပါတယ်။ သူယူလာတဲ့ ပန်းတွေထဲက လှပမွန်မြတ်တဲ့ ပဒုမ္မာကြာပန်းနီသုံးပွင့်ကို မြတ်ဗုဒ္ဓဆီကို ပစ်လွှတ်မြှောက်တင်ပြီး အမြတ်တနိုး ပူဇော်လိုက်ပါတယ်။ အဲဒီကြာပန်းနီသုံးပွင့်ဟာ မြတ်ဗုဒ္ဓဘက်ကို မျက်နှာမူပြီး မြတ်ဗုဒ္ဓရဲ့ဦးခေါင်းတော်ထက်မှာ ပျံဝဲတည်နေပါတယ်။ အဲဒါကို မြင်ကြရတဲ့ လူအပေါင်း နတ်အပေါင်းဟာ အံ့သြဝမ်းသာ ချီးကျူးကြွေးကြော်ကြပါတယ်။
တိပဒုမိယမထေရ်လောင်းလျာ ပန်းတော်ဆက်ဟာ အဲ့ဒီကုသိုလ်ကောင်းမှုကို အခြေပြုပြီး ကုသိုလ်ကောင်းမှုတွေ အဆင့်ဆင့် ဆက်လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် အဲဒီအချိန်ကစလို့ ကမ္ဘာတစ်သိန်းကာလပတ်လုံး လူချမ်းသာ၊ နတ်ချမ်းသာတို့ကိုသာ ခံစားခဲ့ရပါတယ်။ အပါယ်လေးပါးကို မကျရောက်ခဲ့ရပါဘူး။
အခု ဂေါတမမြတ်စွာဘုရားရှင် လက်ထက်တော်မှာတော့ ပဋိသမ္ဘိဒါလေးပါး၊ အဘိညာဉ်ခြောက်ပါးတို့နှင့် ပြည့်စုံတော်မူတဲ့ ရဟန္တာအရှင်မြတ်ကြီးတစ်ဆူ ဖြစ်တော်မူပါတယ်။
အရှင်မြတ်ဟာ ရှေးဘဝတွေက ကျင့်ကြံအားထုတ် ပြုလုပ်ခဲ့ဖူးတဲ့ ပါရမီအကျင့်တွေကို ပုဗ္ဗေနိဝါသအဘိညာဉ်နှင့် ဆင်ခြင်ကြည့်ရှုပြီး အတိတ်ဖြစ်စဉ်ကို ပြန်လည်ဟောကြားတော်မူပါတယ်။

"ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ (ပဒုမုတ္တရ) မြတ်စွာဘုရားကို ပူဇော်ခဲ့ရသော အခါမှစ၍
အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။
ဤသို့ ဖြစ်ရခြင်းသည် ပဒုမ္မာကြာသုံးပွင့်ကို လှူဒါန်းရခြင်း၏ အကျိုးပေတည်း။ "
တိပဒုမိယတ္ထေရအပဒါန်
(တိပဒုမ = သုံးပွင့်သော ပဒုမ္မာကြာပန်း)

(၂)
မြတ်ဗုဒ္ဓအား ကြာပန်းသုံးပွင့်လှူတာနှင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး အပါယ်မကျတာလဲ။ ပန်းလှူရုံနှင့် ဘာလို့ ဘဝများစွာ ကောင်းကျိုးချမ်းသာ ခံစားရတာလဲ။
မြတ်ဗုဒ္ဓကို ဖူးမြင်ရခိုက် သဒ္ဓါတရားဖြစ်ခိုက်မှာ မိမိမှာ တခြားလှူစရာမရှိတော့ ရရာပန်းကို လှူလိုက်ပါတယ်။ မြတ်ဗုဒ္ဓက အလှူရှင်စေတနာကို စောင့်ရှောက်သောအားဖြင့် ကြည်ညိုဖွယ်ဖြစ်အောင် အသုံးချပြတယ်။ အလှူရှင်မှာ ကြည်ညိုသဒ္ဓါအား ကောင်းသထက်ကောင်း၊ ပွားသသည်ထက် ပွားလာပါတယ်။ အဲဒီအလှူကို တစ်သက်လုံး မမေ့တော့ပါဘူး။ မျက်စိထဲမြင်ယောင်နေပါတယ်၊ စိတ်ကူးတိုင်း ပေါ်နေပါတယ်။ သေခါနီးမှာလည်း ဒီအာရုံနှင့် သေတော့ ကောင်းရာသုဂတိသို့ ရောက်သွားရော။ ငါဟာ ဒီလောက်ကြီးကျယ်တဲ့ စည်းစိမ် ချမ်းသာတွေ ဘယ်ကုသိုလ်ကြောင့် ရတာလဲလို့ ပြန်ကြည့်တော့ သူပြုထားတဲ့ကုသိုလ် ပန်းတစ်ပွင့်လှူရတာကို သိမြင်တယ်ဆိုပါတော့။ အနည်းငယ် ပန်းတစ်ပွင့်လေးလှူရတဲ့ ကုသိုလ်ကောင်းမှုကတောင်မှ ဒီလောက်ကြီးကျယ်တဲ့ စည်းစိမ်ချမ်းသာတွေပေးတယ်ဆိုရင် ဒီထက်ကြီးကျယ်တဲ့ ကုသိုလ်ကောင်းမှုတွေဆိုရင် အဘယ်ဆိုဖွယ်ရာ ရှိပါ့မလဲလို့ စဉ်းစားမိပြီး အဲဒီသုဂတိဘုံမှာ ကုသိုလ်တွေကို ဆက်လက်လုပ်ပါမယ်။ ပန်းတစ်ပွင့်အလှူကနေပြီး သုဂတိဘုံရောက်၊ သုဂတိဘုံမှာ သူတော်ကောင်းတွေနဲ့တွေ့၊ သူတော်ကောင်းတရား နာကြားအားထုတ်ခြင်းစတဲ့ ကုသိုလ်တွေ အဆက်ဆက်ပြုတော့ ကုသိုလ်အားကောင်းသွားပါတယ်။ ကုသိုလ်အကျိုးပေးခိုက် ဆက်ပြီးတော့ ကုသိုလ်ပြုဖို့ အရေးကြီးလှပါတယ်။
ကုသိုလ်တစ်ခုခုနှင့် သုဂတိဘုံ ရောက်သွားသူဟာ ကုသိုလ်တွေဆက်ပြုတော့၊ ကုသိုလ်တွေ ထပ်ပြုတော့ အပါယ်မကျရတော့ဘဲ ဘဝပေါင်းများစွာ လူနတ်စည်းစိမ်ခံစားပြီး ပါရမီပြည့်တဲ့အခါ နိဗ္ဗာန်ရောက်ရပါတယ်။ အခြားကုသိုလ်တွေ အများကြီးဖြစ်ပေမယ့် အရင်းပြုရာ၊ မျိုးစေ့စကျရာ၊ အဓိက အခြေတည်ရာ ကုသိုလ်ကျေးဇူးက ကြီးမားလွန်းလို့ အဲဒီကုသိုလ် တစ်ခုတည်းကိုပဲ ဖော်ပြတဲ့သဘောပါပဲ။ အဲဒီကုသိုလ်ကို အကြောင်းပြုပြီး နောက်ဖြစ်တဲ့ ဒါန၊ သီလ၊ ဘာဝနာကုသိုလ်တွေကို ဖော်မပြတော့ပါဘူး။
နောက်တစ်ခုက ကုသိုလ်ရှင်ဟာ သူ့အကြောင်းသူ ပြန်ဟောပြောတဲ့အခါ သူအနှစ်သက်ဆုံး၊ အမြတ်နိုးဆုံး၊ အမှတ်တရအဖြစ်ဆုံး ကုသိုလ်တစ်ခုကိုပဲ ပြောပြတာလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ - တိပဒုမိယမထေရ်ဆိုရင် ကျန်တဲ့ကုသိုလ်တွေ ရှိပေမယ့် ကြာပန်းသုံးပွင့်လှူတာကိုပဲ ပြန်ပြောပြခဲ့ပါတယ်။
ဒါကြောင့် တို့တတွေမှာလည်း အနှစ်သက်၊ အမြတ်နိုးဆုံး၊ အမှတ်တရအဖြစ်ဆုံး ကုသိုလ်တစ်ခုခု ရှိထားသင့်ပါတယ်။ အဲဒီကုသိုလ်ကိုလည်း ထပ်ကာထပ်ကာ သတိရပြီး ကုသိုလ်တွေ ဆက်ကာဆက်ကာ ပြုလုပ်နိုင်ဖို့ အရေးကြီးလှပါတယ်။

(၃)
ပထမရွှေကျင်ဆရာတော်ကြီးပူဇော်ထားတဲ့ ဝိစိတြဝန္ဒနာဘုရားရှိခိုး ဂါထာအမှတ်(၄၅)မှာပါတာကတော့ -

ဧကေနာပိ ဝါ ပုပ္ဖေန၊ အမဟဂ္ဃေန ကေန ဝါ၊
ဧကဝါရမ္ပိ ပူဇေန္တော၊ သုခိတောဝ ဘဝါဘဝေ၊
ဧဒိံဇာနံ ဘိသမ္ဗုဒ္ဓံ၊ ကော သက္ကာ န ပူဇေတဝေ။

ရွှေဘုန်းတော်ရှင် - အရှင်မြတ်ဘုရားကို၊
အဖိုးများစွာ မထိုက်တန်သော ပန်းတစ်ပွင့်ဖြင့်လည်းကောင်း၊ ရေတစ်လုံးဖြင့်လည်းကောင်း၊ တစ်ကြိမ်မျှသော်လည်း ပူဇော်မိသူသည်၊ ဘဝများစွာ၌ အလွန်တရာ ချမ်းသာခြင်းသို့ ရောက်သည်သာလျှင်တည်း။
ဤသို့သောသဘာကို၊ ကျိုးကြောင်းထင်ထင် ဟုတ်တိုင်းသိမြင်သည်ရှိသော်
သမ္ဗုဒ္ဓသခင် ကိုယ်တော်အရှင်မြတ်ဘုရားကို
အဘယ်သူသည် မပူဇော်ဘဲနေခြင်းငှာ တတ်ကောင်းပါတော့အံ့နည်း။ တဲ့။

ဓမ္မဒူတဆရာတော်ကြီးအရှင်ပညာဇောတ ရဲ့ အောက်ပါ လင်္ကာလေးကလည်း မှတ်သားဖွယ်ရာကောင်းလှပါတယ်-

ကုသိုလ်တစ်ပါး အကျိုးများ ယုံမှားမရှိရာ။ မျိုးစေ့တစ်မှ ပင်များစွ ပေါက်ရပုံပမာ။
မျိုးမှန်ကန်က ပင်သန်ရ ရကြသီးများစွာ။ မျိုးစေ့မမှန် ပင်မသန် သီးနှံမအောင်ရာ။

(၄)
တချို့က ကုသိုလ်အကျိုးပေးကောင်းခိုက် ဇိမ်ခံနေပြီး ကုသိုလ်ဆက်မပြုပါဘူး၊ မပြုတော့ အဲဒီကုသိုလ် အားနည်းလာခိုက်မှာ အကုသိုလ်အကျိုးပေးခွင့် ရသွားနိုင်ပါတယ်။ အကုသိုလ်အကျိုးပေးခွင့် ရသွားရင်လည်း ကုသိုလ်ဘက် ပြန်လည်ဖို့ မလွယ်တော့ပါဘူး။ အကုသိုလ်ကံကြောင့် တိရိစ္ဆာန်ဖြစ်သွားတဲ့အခါ နိုင်ရာစားဘဝမှာ ကုသိုလ်တွေ ဘယ်လိုလုပ်နိုင်ပါ့မလဲ။ ငရဲကျသွားသူဟာလည်း အဲဒီအကုသိုလ်ကံ ကုန်လို့ ငရဲကလွတ်ပြီး လူဖြစ်တဲ့အခါမှာလည်း ကုသိုလ်လုပ်ဖို့ မလွယ်ကူတဲ့ ဘဝအခြေအနမျိုး ဖြစ်နေတတ်ပြန်ပါတယ်။
မရှိလို့ မလှူ၊ မလှူလို့မရှိ။ အူမ မတောင့်တော့ သီလမစောင့်နိုင်၊ သီလမစောင့်တော့ အူမ မတောင့်နိုင်၊ ဘာဝနာလည်း မပွားနိုင်။ ဒါန၊ သီလ လည်း မရှိတော့ အပါယ်ထပ်ကျပြန်ရော။ အပါယ်က လွတ်လို့ လူပြန်ဖြစ်တော့လည်း ကုသိုလ်လုပ်ဖို့ ခက်နေပြန်ရော။ ဒီလိုနှင့် အကုသိုလ်တွေပဲ ဆက်လုပ်မိပြီး အကုသိုလ်စက်ဝန်းကြီး လည်ပတ်နေပါတော့တယ်။

မကောင်းမှုအကုသိုလ်ကို (တစ်ကြိမ်တစ်ခါ မလိမ္မာလို့) ပြုလုပ်မိသူဟာ
ထပ်ခါထပ်ခါ ဆက်မလုပ်သင့်ပါဘူး။
မကောင်းမှုအကုသိုလ် ပြုလုပ်ချင်တဲ့ ဆန္ဒဆိုးကိုလည်း မဖြစ်စေသင့်ပါဘူး။
မကောင်းမှုတွေ တိုးပွားလာတာဟာ ဆင်းရဲခြင်းရဲ့ အကြောင်းရင်းဖြစ်လို့ပါပဲ။
(ဓမ္မပဒ - ၁၁၇)

အကုသိုလ်စက်ဝန်းကြီးကို ရပ်တန့်ချင်ရင်တော့ မရှိလည်း လှူပါ။ တတ်စွမ်းသမျှပေါ့။ လူ့ဘဝမှာ လှူချင်စိတ်ရှိရင်၊ လှူတတ်ရင် ပိုက်ဆံမရှိလည်း လှူလို့ရပါတယ်။ အဓိကကတော့ သဒ္ဓါ၊ သတိနှင့် မေတ္တာရှိနေရင် လှူတတ်လာပါတယ်။ လှူရင်းနှင့် ရှိလာပါလိမ့်မယ်။ လှူလို့ရှိ၊ ရှိလို့လှူ ဒီလို ကုသိုလ်စက်ဝန်းကြီး လည်ပတ်အောင်လုပ်ရပါမယ်။ သီလအနေနှင့်လည်း အူမ မတောင့်လည်း သီလအရင်စောင့်လိုက်ပါ။ သီလစောင့်ရင်းနှင့်ပဲ အချိန်ကြာလာတဲ့အခါ၊ စမ်းသပ်မှုတွေကို ကျော်ဖြတ်ပြီးတဲ့အခါ အူမ တောင့်လာပါလိမ့်မယ်။ ဟုတ်ပါတယ်။ လူတွေက ကိုယ်ကျင့်သီလ ကောင်းမွန်သူတွေကို လိုက်ရှာနေကြတာပါ။ စိတ်ချလက်ချ ပေါင်းသင်းနိုင်တဲ့သူကို ရှာနေကြတာပါ။ သီလပျက်တဲ့သူတွေ များတဲ့အချိန်မှာ သီလစောင့်သူတွေဟာ ရှားပါးအဖိုးတန်လှပါတယ်။ ကိုယ်ကျင့်သီလ ကောင်းတယ်လို့ ယုံကြည်ရမှု တစ်ခုတည်းနှင့်ပဲ အနည်းဆုံးတော့ ထမင်းမငတ်တော့တဲ့ အခြေအနေမျိုး ဖြစ်လာ ပါလိမ့်မယ်။
သီလစောင့်လို့ အူမတောင့်၊ အူမတောင့်လို့ သီလစောင့်၊ ရှိလို့လှူ၊ လှူလို့ ရှိ ဆိုတဲ့ ကုသိုလ်စက်ဝန်းကြီး လည်ပတ်နိုင်ပါတော့တယ်။ အစပိုင်း အရှိန်မရသေးခင်တော့ ခက်ခဲပင်ပန်းနေမှာပါပဲ။ နောက်ပိုင်း ကုသိုလ်စက်ဝန်းကို အရှိန်အဟုန်နှင့် လည်ပတ်နိုင်သွားတဲ့အခါ လွယ်ကူသက်သာသွားမှာပါ။

ကောင်းမှုကုသိုလ်ကို ပြုလုပ်အားထုတ်သူဟာ
ထပ်ခါထပ်ခါ ဆက်လုပ်သင့်ပါတယ်။
(စိတ်အစဉ်ကို ကြည်လင်စေတတ်) ကုသိုလ်မြတ် ပြုလုပ်ချင်တဲ့ ဆန္ဒမွန်ကိုလည်း ဖြစ်စေသင့်ပါတယ်။
ကောင်းမှုတွေ တိုးပွားလာတာဟာ ချမ်းသာခြင်းရဲ့ အကြောင်းရင်းဖြစ်လို့ပါပဲ။
(ဓမ္မပဒ - ၁၁၈)

(၅)
အလှူဒါနပြုလိုသူများအတွက် လှူစရာတွေက ပေါလှဘိသည်။
၁၂၆၇-ခုနှစ်၊ ပြာသိုလတွင် ရဟန္တာဟု ကျော်ကြားသော ဘုန်းတော်ကြီး ဦးသီလသည် ရွှေကျင်မြို့၌ သိမ်သမုတ် ကြွတော်မူ၏။ ထိုစဉ် တောင်ပေါ်မှ ကရင်ကြီး ငါးယောက် ကန်တော့ပွဲ ကိုယ်စီနှင့် လာရောက်ဖူးမြော်ကြသည်။
ဘုန်းတော်ကြီး။ ။ မင်းတို့တောင်ပေါ်မှာ ချမ်းသာတဲ့လူ ပေါကြရဲ့လား။
ဒကာများ။ ။ မပေါပါ အရှင်ဘုရား။ ဆင်းရဲတဲ့လူတွေပဲ များပါတယ်။
ဘုန်းတော်ကြီး။ ။ ရေမိုးကော ပြည့်စုံကြရဲ့လားကွဲ့။
ဒကာများ။ ။ ပြည့်စုံပါတယ်ဘုရား၊ ရေလည်း အင်မတန်ကောင်းပါတယ်။
ဘုန်းတော်ကြီး။ ။ အိမ်း..ဒါဖြင့် နေရာကျသားပဲ၊ မင်းတို့ဆင်းရဲတဲ့ ကရင်ဒကာတွေ ပိုက်ဆံမကုန်ဘဲနဲ့ ကုသိုလ်ရအောင် ဘုရားကို နေ့တိုင်းရေတစ်ခွက် တစ်ခွက်လှူကြ ကြားလား။
ဒကများ။ ။ မှန်ပါ့ အရှင်ဘုရား။
ဘုန်းတော်ကြီး။ ။ ဒါန ဘာခက်သလဲကွယ့်။ ပန်းမပွင်တဲ့အခါမျိုး သစ်ခက်သစ်ညွန့်ကလေးတွေ ချိုးပြီးလှူ၊ ဖယောင်းတိုင် မ၀ယ်နိုင်တဲ့အခါ ကောက်ရိုးတွေစည်းပြီး ဘုရားကို မီးပူဇော်ကြ။ ကဲ...ကဲ ငါးပါးသီလ ယူပြီး ပြန်ကြ။
မကြားစဖူး တရားထူးကို ကြားနာရသဖြင့် ဒကာများ ၀မ်းသာမဆုံး ရှိကြလေ၏။ တန်ခိုးအဘိညာဉ်ဖြင့် လက်တွေ့ သိမြင်တော်မူကြသော သူတော်ကောင်းကြီးများက လူတိုင်း ချမ်းသာစေလိုသော စေတနာဖြင့် မလုပ်တတ်စရာလည်း မရှိရအောင် ညွှန်ပြတော်မူခြင်း ဖြစ်သည်။
မြတ်စွာဘုရားရှင်၏ သာသနာတော်သည် အလွန်ပွင့်လင်း၏။ လိုက်နာကျင့်သုံးရမည့် လမ်းစဉ်ကလည်း လွယ်ကူလွန်းလှသည်။ တစ်နည်းအားဖြင့် ရိုးရိုးရှင်းရှင်းကလေးပင်တည်း။ အရိုးခံကြီးပင်တည်း။ တကယ်ယုံကြည်၍ အဟုတ်လုပ်နိုင်မှုသာ အရေးကြီး၏။
ခြံစည်းရိုးတွင် အလေ့ကျ ပေါက်နေသော ပန်းတစ်ပွင့်ဖြင့်လည်း နိဗ္ဗာန်ရောက်စေနိုင်၍ နတ်ပြည်လောက်ကိုမူ အသာကလေးပင်တည်း။ (လိပ်ဆူးရွှေပန်းနတ်သမီး စသည်ကို ထောက်ပါ။)
(ဓမ္မစရိယဦးဌေးလှိုင်၏ ရတနာသုံးပါးကျေးဇူး စာအုပ်မှ)

(၆)
မယဉ်ကျေးသော သူတို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သော၊
ကြီးသော လုံ့လရှိသော၊
သတ္တဝါအားလုံးတို့၏ ချမ်းသာကို ဆောင်တော်မူတတ်သော မြတ်စွာဘုရားကို ပူဇော်ရသည်ရှိသော်
အမြိုက်နိဗ္ဗာန်တည်းဟူသော ဥစ္စာကို ရလတ္တံ့ (ဟု ဤသို့ ကြံ၏)။
ဤသို့ ကြံပြီး၍ ငါသည် မိမိစိတ်ကို ကြည်လင်စေ၏၊
ထိုအခါ သုံးပွင့်သော ကြာနီပန်းတို့ကို ယူ၍ ကောင်းကင်၌ ပစ်လွှင့်မြှောက်တင်၏။ --- တဲ့။
တိပဒုမိယမထေရ်လောင်းလျာ ပန်းတော်ဆက်ဟာ ပဒုမုတ္တရမြတ်စွာဘုရားကို ကြာပန်းလှူတဲ့အခါ တခြားဆုတွေ မတောင်းပါဘူး။ ငြိမ်းအေးရာ အမြိုက်နိဗ္ဗာန်ကိုပဲ ရည်မှန်းပြီး လှူဒါန်းတာပါ။ ငြိမ်းအေးသူကို ကြည်ညိုလေးစားအားကျလို့ ငြိမ်းအေးရာကိုသာ ရည်မှန်းတာပါ။ ဒါပေမယ့် နတ်ချမ်းသာ၊ လူချမ်းသာ၊ သိကြားမင်းစည်းစိမ်၊ စကြဝတေးမင်းစည်းစိမ် တို့ကို မရည်မှန်းလည်း ခံစားရတာပါပဲ။ ကုသိုလ်ကောင်းမှု ပြုလုပ်တဲ့အခါ အမြင့်မြတ်ဆုံးဖြစ်တဲ့ နိဗ္ဗာန်ကိုသာ ရည်မှန်းနိုင်ရင် ကျန်တဲ့ လောကီစည်းစိမ်ချမ်းသာတွေဟာ ဆုမတောင်းလည်း ဘေးထွက်ကောင်းကျိုးအနေနှင့် ပြည့်စုံမှာပါပဲ။ ဥပမာ - ရှင်ဘုရင်ဆုကိုတောင်းသူဟာ ရွာစားမြို့စားဆုကို တောင်းစရာမလိုတဲ့သဘောပါပဲ။
ပန်းတော်ဆက်ဟာ ပန်းသုံးပွင့်လှူတယ်ဆိုပေမယ့် တကယ်တမ်းကတော့ ရှင်ဘုရင်ဆီ ပန်းဆက်သရင် ရရှိမယ့် ရာထူးနှင့် ရွှေငွေဆုလာဘ်ကို စွန့်လွှတ်ပြီး လှူတဲ့သဘောဖြစ်ပါတယ်။ ရာထူးစည်းစိမ်ကို စွန့်လွှတ်ပြီး လှူရဲတဲ့၊ မြတ်ဗုဒ္ဓအပေါ်မှာ ထားရှိတဲ့ သူရဲ့ သဒ္ဓါတရားဟာ အံ့သြချီးကျူးစရာပါ။
ဒီနေရာမှာ ကဗျာဆရာကြီး တဂိုးရေးဖွဲ့တဲ့ "ကြာပန်းအလှူ" ကို အကျဉ်းချုပ်ပြန်ပြောပါရစေ -
နှင်းရိုက်တဲ့အတွက် ကြာပန်းတွေ ကြွေပျက်သွားကြပါတယ်။ ဥယျာဉ်မှူးသုဒဟာ သူ့ရေကန်မှာကျန်ရှိနေတဲ့ တစ်ပွင့်တည်းသော ကြာဖြူပန်းကို ဈေးကောင်းကောင်းနှင့်ရောင်းဖို့ နန်းတော်ဆီလာခဲ့ပါတယ်။ လမ်းမှာ ကုန်သည် တစ်ယောက်နှင့် တွေ့ပါတယ်။ "သိပ်လှတဲ့ ကြာပန်းကြီးပဲ။ မြတ်ဗုဒ္ဓကို ကပ်လှူပူဇော်မယ်။ အဲ့ကြာပန်းရဲ့ တန်ဖိုးပြောပါ"
သုဒက ရွှေဒင်္ဂါးတစ်ပြားတောင်းပါတယ်။
အဲဒီအချိန်မှာ ဘုရင်မင်းမြတ်ဟာ မြတ်ဗုဒ္ဓကို ဖူးမြော်ဖို့ နန်းတော်က ထွက်ခွာလာပါတယ်။ ဘုရင်က ကြာပန်းကို မြင်သွားတဲ့အခါ "မြတ်ဗုဒ္ဓကို ကြာပန်းလှူမယ် ။ ငါဝယ်မယ်။ အဲ့ကြာပန်း ဘယ်လောက်တန်သလဲ။"
သုဒက ပြန်ဖြေပါတယ်။ "ကုန်သည်ဆီ ရွှေဒင်္ဂါးတစ်ပြားနှင့် ရောင်းပြီးပါပြီ အရှင်မင်းကြီး"
"ငါက ရွှေဒင်္ဂါးဆယ်ပြားပေးမယ်။" ဘုရင်က မိန့်ပါတယ်။
"ကျွန်တော်မျိုး ရွှေဒင်္ဂါး အပြားနှစ်ဆယ်ပေးပြီး ဝယ်ပါရစေ" ကုန်သည်က ဆိုပါတယ်။
ဒီလိုနှင့် ကြာပန်းတန်ဖိုး အဆမတန်မြင့်တက်သွားပါတယ်။ ဒီအခါ ဥယျာဉ်မှူး သုဒက တွေးပါတယ်။ "သူတို့ဟာ မြတ်ဗုဒ္ဓကို ကပ်လှူဖို့ရာ ကြာပန်းတန်ဖိုးကို များများပေးဝယ်ကြတယ်။ တကယ်လို့ မြတ်ဗုဒ္ဓဆီကို ငါကိုယ်တိုင်သွားရင် သူ့တို့ပေးတဲ့ တန်ဖိုးထက် ပိုရနိုင်မှာပဲ။"
"ကျွန်တော်မျိုးကို ခွင့်လွှတ်တော်မူပါ။ ဒီကြာပန်းကို မရောင်းတော့ပါဘူး။" လက်အုပ်ချီတောင်းပန်ရင်း သုဒက ပြောလိုက်ပါတယ်။ ပြီးတော့ မြတ်ဗုဒ္ဓရှိရာဆီ အသားကုန် ပြေးလာခဲ့ပါတော့တယ်။

ကျက်သရေမင်္ဂလာရှိလှတဲ့ မြတ်ဗုဒ္ဓဟာ တည်ကြည်ငြိမ်သက် ငြိမ်းအေးစွာ ထိုင်နေတော်မူပါတယ်။
သုဒဟာ မြတ်ဗုဒ္ဓကို ဖူးမြင်ရတဲ့အခါ အံ့သြလွန်းလို့ ကျောက်ရုပ်လို ရပ်နေမိပါတယ်။ တော်တော်ကြာတဲ့အထိ စကားလည်း မပြောနိုင်၊ လှုပ်လည်း မလှုပ်နိုင်ဖြစ်နေပါတယ်။ ( ဒီလောက် ငြိမ်းချမ်းတဲ့၊ ဒီလို ကျက်သရေရှိတဲ့၊ မေတ္တာကရုဏာပြည့်ဝတဲ့သူကို မမြင်ဖူးသေးဘူးလေ။ )
အဲ့ဒီနောက်မှာတော့ သုဒဟာ မြတ်ဗုဒ္ဓရဲ့ ခြေတော်ရင်းမှာ ဝမ်းလျားမှောက်ရင်း ကြားပန်းကို အမြတ်တနိုး ဆက်ကပ်လှူဒါန်းလိုက်ပါတယ်။
"ချစ်သား၊ လိုတဲ့ဆုတောင်းပါ" မြတ်ဗုဒ္ဓက ပြုံးရင်း မိန့်တော်မူပါတယ်။

အဲဒီအခါ သုဒက အားရဝမ်းသာ လျှောက်ထားတောင်းဆိုလိုက်ပါတယ်။ "တခြား ဘာကိုမျှ မလိုချင်ပါဘုရား။ အရှင်ဘုရားရဲ့ ခြေဖဝါးတော်အောက်က မြူမှုန်တစ်ပွင့်ကိုပဲ ပေးသနားတော်မူပါ ဘုရား"

"lotus offering" by Rabindranath Tagore

(၇)
တိပဒုမိယမထေရ်လောင်းလျာ ပန်းတော်ဆက်ဟာ ပဒုမုတ္တရမြတ်စွာဘုရားကို ကြာပန်းသုံးပွင့် လှူခွင့်ရတာဟာ ရှေးကောင်းမှုရှိလည်းရှိလို့ပါ။ "ပဒုမုတ္တရမြတ်စွာဘုရားသည် ငါ၏ ရှေးကောင်းမှုကို ဟောကြားစဉ် တစ်သိန်းသော သတ္တဝါတို့၏ သစ္စာလေးပါးတရားကို သိခြင်းသည် ဖြစ်၏ "--- တဲ့ ။ ပန်းတော်ဆက်ရဲ့ ကြားပန်းသုံးပွင့် လှူခွင့်ရတဲ့ ရှေးကောင်းမှုနှင့် ပတ်သက်ပြီး ပဒုမုတ္တရမြတ်စွာဘုရားက တရားဟောတော်မူတဲ့အခါ တရားနာပရိသတ် တစ်သိန်းလောက် သစ္စာလေးပါးကို သိမြင်ကြပါတယ်တဲ့။
တကယ်တော့ တို့တတွေလည်း မြတ်ဗုဒ္ဓကို ပန်းလေးလှူခွင့်ရတာကိုက ကိုယ့်ရဲ့ ကုသိုလ်ကံက ကြီးမားလွန်းလို့ပါ။ ပန်းလှူခွင့်ရတာကို သာမန်လို့ မထင်လိုက်ပါနဲ့။ ဒီလိုပန်းလှူခွင့်ရတယ်ဆိုတာကိုက ရှေးအတိတ်က ကုသိုလ်ကံ၊ ပါရမီတွေ ရှိနေခဲ့လို့ပါပဲ။ ဗုဒ္ဓဆိုတဲ့အသံကို ကမ္ဘာပေါင်းများစွာကြာမှ ကြားရတတ်တာပါ။ ဒါကို သိနားလည်ပြီး ဝမ်းသာပီတိနှင့် ကုသိုလ်ကောင်းမှုတွေ ဆက်လုပ်ဆောင်ကြပါစို့ -

သဒ္ဓါ ဗီဇံ - သဒ္ဓါတရားသည် မျိုးစေ့မည်၏။ (သုတ္တ၊ ကသိဘာရဒွါဇသုတ်)

သဒ္ဓါ ဗန္ဓတိ ပါထေယျံ - လမ်းစာရိက္ခာကို သဒ္ဓါတရားဖြင့် ထုပ်ဖွဲ့၏။ (ဒေဝတာသံယုတ်၊ ပါထေယျသုတ်)

သဒ္ဓီဓ ဝိတ္တံ ပုရိသဿ သေဋ္ဌံ။ သဒ္ဓါယ တရတိ သြဃံ။
ယောက်ျား၏မြတ်သောဥစ္စာဟူသည် သဒ္ဓါတရားပင်တည်း။ သဒ္ဓါတရားဖြင့် သြဃလေးဖြာ သံသရာကို ကူးမြောက်နိုင်၏။
(သုတ္တ၊ အာဠာဝကသုတ်)


အရှင်ဉာဏဝရ(ပါရမီ)

စာကိုး
၁။ ထေရာပဒါန်ပါဠိတော်မြန်မာပြန် (ဆဋ္ဌမူ)
၂။ သုတ္တနိပါတ်ပါဠိတော်မြန်မာပြန် (ဆဋ္ဌမူ)
၃။ သဂါထာဝဂ္ဂ သံယုတ်ပါဠိတော်မြန်မာပြန် (ဆဋ္ဌမူ)
၎။ ထေရအပဒါန်ဝတ္ထုတော်ကြီး - အရှင်ဓမ္မဿာမီဘိဝံသ
၅။ ဝိစိကြဝန္ဒနာဘုရားရှိခိုး - ပထမရွှေကျင်ဆရာတော်ကြီး
၆။ ဗုဒ္ဓဓမ္မပြဿနာများ(၄) - ဓမ္မဒူတဆရာတော်ကြီး အရှင်ပညာဇောတ
၇။ ရတနာသုံးပါးကျေးဇူး - ဓမ္မာစရိယဦးဌေးလှိုင်
၈။ "Lotus offering" by Tagore (မောင်ပေါ်ထွန်း ဘာသာပြန်)
၉။ ဓမ္မပဒအဖော်မွန် - အရှင်ဉာဏဝရ(ပါရမီ)


အရှင်ဉာဏဝရ (ပါရမီ)
အရှင်ဉာဏဝရ ၊ အောင်သိဒ္ဓိမင်းကျောင်း၊ ကျင်းကြီးရပ်၊ ကျွဲပွဲမြို့၊

ဓမ္မဒူတ မဂ္ဂဇင်း၊ ဇူလိုင်လ၊ ၂၀၁၇ တွင် ဖော်ပြပြီးဖြစ်ပါသည်