Saturday, February 17, 2018

ဓမ္မပဒအစွမ်းအံ့မခန်း

ဓမ္မပဒအစွမ်း အံ့မခန်း

( ၁ )
ကမ္ဘာတလွှား လူကြိုက်အများဆုံး ကမ္ဘာ့သာသနာပြုတရားတော်
(က) ဓမ္မပဒတရားတော်တစ်ဂါထာကို အစပြုပြီး ကမ္ဘာကြီး အလင်းရောင်ပျံ့ပွားခဲ့ပါတယ်။
(ခ) ဓမ္မပဒတရားတော်တစ်ဂါထာကို အစပြုပြီး မြန်မာနိုင်ငံ အလင်းရောင်ပျံ့ပွားခဲ့ပါတယ်။
(ဂ) ရှေးယခင်ကတည်းက ယခုအချိန်ထိ မြတ်ဗုဒ္ဓရဲ့ အဆုံးအမလမ်းတွေထဲမှာ ဓမ္မပဒဟာ လိုရင်းတိုရှင်းအကျဆုံး၊ လူအများရဲ့နှလုံးသားမှာ နေရာအယူနိုင်ဆုံး တရားတော်အစုလို့ ပညာရှင်တွေက ဆိုကြပါတယ်။

ဓမ္မပဒနှင့် အသောကမင်းကြီး
ဘုရားရှင်ပရိနိဗ္ဗာန် စံတော်မူပြီးနောက် နှစ်ပေါင်း ၃၅၀ ဝန်းကျင်၊ မြတ်ဗုဒ္ဓရဲ့အဆုံးအမ သာသနာတော်ကြီး ပျက်စီးကွယ်ပျောက်လုနီးနီး ဖြစ်နေချိန်---- တရားစစ်တရားမှန်ကို ရှာကြံလိုလားတဲ့ အသောကမင်းကြီးဟာ နိဂြောဓသာမဏေ ဟောမိန့်တော်မူတဲ့ " အပ္ပမာဒေါ အမတံ ပဒံ"  (မမေ့ခြင်းဟာ မသေခြင်းရဲ့ အကြောင်းရင်းပါ) အစရှိတဲ့ ဓမ္မပဒဂါထာတရား နာကြားရာကအစပြုပြီး ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်ခဲ့ပါတယ်။ အသောကမင်းကြီးရဲ့ သာသနာတော် အပေါ် စွမ်းစွမ်းတမံထောက်ပံ့မှုတွေကြောင့် သာသနာတော် ပြန်လည်ထွန်းလင်း ထင်ရှားလာခဲ့ပြီး တစ်ကမ္ဘာလုံးကို ဗုဒ္ဓဘာသာပျံနှံ့ကာ အလင်းဆောင်နိုင်ခဲ့ပါတယ်။

ဓမ္မပဒနှင့် အနော်ရထာမင်းကြီး
သာသနာနှစ် ၁၅၆၀ ခုနှစ်ဝန်းကျင်၊ ပုဂံနေပြည်တော်မှာ ထေရဝါဒဗုဒ္ဓသာသနာဟာ မှေးမှိန်သွားပြီး မိစ္ဆာဒိဋ္ဌိအယူဝါဒတွေ ထိုးဖောက်လွှမ်းမိုးနေချိန် ---တရားစစ်တရားမှန် ရှာကြံလိုလားတဲ့ အနော်ရထာမင်းကြီးဟာ အရှင်ဓမ္မဒဿီ (အရှင်အရဟံ) ဟောမိန့်တော်မူတဲ့ ဓမ္မပဒတရားတော်ကို နာကြားရာက အစပြုပြီး ဗုဒ္ဓဘာသာဝင် စစ်စစ် ဖြစ်ခဲ့ပါတယ်။ အနော်ရထာမင်းကြီးရဲ့ သာသနာတော်အပေါ် စွမ်းစွမ်းတမံ ထောက်ပံ့မှုတွေကြောင့် မြန်မာနိုင်ငံတော်ကြီး တစ်ခုလုံး ဗုဒ္ဓဘာသာပျံနှံ့ကာ အလင်းဆောင်နိုင်ခဲ့ပါတယ်။

ဒီလိုသမိုင်းဝင်ဂုဏ်ရည်တွေရှိတဲ့ ဓမ္မပဒဂါထာမြန်မာပြန်ကတော့ -

ကုသိုလ်မမေ့တာ နိဗ္ဗာန်ရကြောင်းပါ ( ဓမ္မပဒဂါထာ ၂၁၊ ၂၂၊ ၂၃ )
မမေ့လျော့ မယစ်မူးခြင်း(အပ္ပမာဒ)ဟာ မသေခြင်း(အမတ)ရဲ့ အကြောင်းရင်းပါ။
မေ့လျော့ ပေါ့ဆ ယစ်မူးခြင်းဟာ သေခြင်းရဲ့ အကြောင်းရင်းပါ။
မမေ့သူတွေ မသေပါဘူး။ မေ့သူ သေသူ အတူတူပါပဲ။

ဒီထူးခြားချက်ကို သိတဲ့ ပညာရှိတွေဟာ မမေ့လျော့ မပေါ့ဆ  မယစ်မူးပါဘူး။
မမေ့လျော့ခြင်း(အပ္ပမာဒ)ကို နှစ်သက်တဲ့ ပညာတွေရှိဟာ
အရိယာသူတော်ကောင်းတွေရဲ့ နေထိုင်ကျက်စားရာ
မြင့်မြတ်တဲ့ တရားအာရုံမှာ နှစ်သက်ရွှင်လန်းကြပါတယ်။

မမေ့လျော့တဲ့သတိ၊ သမထသမာဓိ၊ ဝိပဿနာသမာဓိ၊
မပြတ်လပ်တဲ့ လုံ့လဝီရိယ နှင့် စွဲစွဲမြဲမြဲစူးစိုက်အားထုတ်သူ ပညာရှိတွေဟာ
အချုပ်အနှောင်တွေ လွတ်ကင်းရာ၊ ဘေးကင်းရာ အနှိုင်းမဲ့နိဗ္ဗာန်ကို ရောက်ပါတယ်။

( ၂ )
ဓမ္မပဒနှင့် ကမ္ဘာ့သာသနာပြုအရှင်မြတ်များ
ကျွန်တော့်ကို (၁၈၉၇ ခုနှစ်) အီတလီနိုင်ငံ (မီလန်မြို့) မှာ မွေးဖွားပါတယ်။ အမေရိကန် နယူးရောက်မြို့မှာ ကြီးပြင်းပါတယ်။ အမေရိကန်နိုင်ငံ၊ ကိုလံဗီယာတက္ကသိုလ်မှ ဓာတုဗေဒဆိုင်ရာ ဘီအက်စ်စီဘွဲ့ရ ခေတ်ပညာတတ် တစ်ဦး ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ သိပ္ပံပညာအသိဟာ အမြင်ဟောင်းဖြစ်တဲ့ ရိုမန်ကက်သလစ်အမြင်နဲ့ တိုက်ခိုက်ကြ ပါတော့တယ်။ ချက်ချင်း သိပ္ပံပညာက အပေါ်စီးရပြီး ရိုမန်ကက်သလစ်ဝါဒက နောက်ဆုတ်သွားပါတယ်။ ကျွန်တော့်ရဲ့ ဘာသာတရားဟာ တဖြည်းဖြည်း သိပ္ပံပညာရဲ့ဘာသာတရား ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်ဟာ ယေရှုခရစ်တော်နဲ့ စိန့်ဖရန်စစ်တို့ကို ကြည်ညိုနေတုန်းပါပဲ။ တကယ်လို့ ကျွန်တော်ဟာ ဓမ္မပဒစာအုပ်ကို မဖတ်မိရင် ယနေ့ထက်တိုင် ရိုမန်ကက်သလစ်အဖြစ်ပဲ ရှိနေဦးမှာပါ။ ဓမ္မပဒအသွင်ဖြင့်ရှိနေတဲ့ ရှင်တော်မြတ်ဗုဒ္ဓဟာ ကျွန်တော့်ရဲ့ဘဝကို (အကြီးအကျယ်) ပြောင်းလဲပေးခဲ့တဲ့ ထိပ်တန်းသာသနာပြုကြီး ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်ဝင်စံ ချုပ်ငြိမ်းသွားပြီဖြစ်ပေမယ့် မြတ်ဗုဒ္ဓရဲ့ဟောပြောချက် ဓမ္မတွေကတော့ ယနေ့ထက်တိုင် ရှင်သန်ဆဲ၊ အသက်ဝင်ဆဲ၊ အလုပ်လုပ်ဆဲပါပဲ။
ကျွန်တော်ဟာ သိပ္ပံနည်းကျတဲ့ ဘာသာတရားကို အစဉ်တစိုက် စုံစမ်းလာခဲ့ပါတယ်။ နောက်ဆုံးမှာ ကျွန်တော်လိုလားနေတဲ့အရာကို တွေ့ရပါတော့တယ်။ ဗုဒ္ဓဘာသာဟာ ကျွန်တော် အကြာကြီး တောင့်တလာခဲ့တဲ့ အရာကို ဖြည့်တင်းပေးလိုက် ပါတယ်။ ကျွန်တော်ဟာ ဗုဒ္ဓဘာသာဝင်ဖြစ်လာပါတယ်။ ကျွန်တော်ဟာ ရေငတ်မွတ်နေတဲ့ သဲကန္တာရခရီးသည်နှင့် တူနေပါတယ်။ နောက်ဆုံးမှာ ကြာမျိုးစုံပေါက်နေတဲ့ ရေကန်တစ်ကန်ကို တွေ့ရပြီး အေးမြကြည်လင်နေတဲ့ရေစင်ကို အားပါးတရ သောက်ပစ်လိုက်ပါတော့တယ်။
ဒါဟာ ဓမ္မပဒကြောင့် ဘဝပြောင်းခဲ့တဲ့ အီတလီလူမျိုး ဆာဗာတိုရေစီအိုဖီ Salvatore Cioffi (ဦးလောကနာထ) ရဲ့ ကိုယ်တွေ့အကြောင်းအရာတွေပါပဲ။
ဓမ္မပဒရဲ့ကျေးဇူးကြောင့် စီအိုဖီဟာ အသက်(၂၅)နှစ်ကျော်အရွယ်မှာ မိသားစုတွေ ဝိုင်းတားတဲ့ကြားက ဗုဒ္ဓဘာသာဝင်အဖြစ် ကူးပြောင်းခဲ့ပါတယ်။ (၁၉၂၅)ခုနှစ်၊ အသက်(၂၈)နှစ် အရွယ်မှာတော့ မြန်မာနိုင်ငံကို လာရောက်ပြီး ရဟန်းဘဝကို အပြီးတိုင် ခံယူလိုက်ပါတော့တယ်။ မန္တလေး၊ မစိုးရိမ်ကျောင်းတိုက်ကြီးမှာ ပရိယတ္တိ စာပေသင်ယူပြီး စာနှင့်လက်တွေ့ ပူးတွဲကျင့်သုံးလို့ တစ်ဘက်ကလည်း သာသနာပြုတရားတွေကို လှည့်လည် ဟောကြားခဲ့ပါတယ်။
ဦးလောကနာထဟာ အနောက်တိုင်းသား ရဟန်းတော်တွေထဲမှာ မြန်မာပညာရှိရဟန်းရှင်လူတို့ရဲ့ ချီးကျူး လေးစားမှုကို အများဆုံးခံယူရသူဖြစ်ပါတယ်။ အသက်ကို ပဓာနမထားဘဲ အခက်အခဲမျိုးစုံကြားက ကမ္ဘာကို သုံးပတ်ပတ်ပြီး ဗုဒ္ဓတရားတော်တွေကို ဖြန့်ဝေဟောပြောခဲ့တဲ့ ကမ္ဘာ့သာသနာပြု အာဇာနည်ပုဂ္ဂိုလ်ထူးကြီးပါ။ ဆရာတော်ကြောင့် ဘာသာခြားကနေ ဗုဒ္ဓဘာသာအဖြစ် ခံယူခဲ့ကြသူတွေ အများကြီးပါ။ အီတလီဘုန်းတော်ကြီး ဦးလောကနာထဟာ ဗုဒ္ဓသာသနာ ကမ္ဘာအနှံ့ပြန့်ပွားအောင် မနေမနား၊ ကြိုးစားသာသနာပြုရင်း သက်တော် (၆၈)နှစ်အရွယ် (၁၉၆၆)ခုနှစ်မှာ ပြင်ဦးလွင်မြို့မှာ ပျံလွန်တော်မူခဲ့ပါတယ်။
"ဓမ္မပဒအသွင်ဖြင့်ရှိနေတဲ့ ရှင်တော်မြတ်ဗုဒ္ဓဟာ ကျွန်တော့်ရဲ့ဘဝကို (အကြီးအကျယ်) ပြောင်းလဲပေးခဲ့တဲ့ ထိပ်တန်းသာသနာပြုကြီး ဖြစ်ပါတယ်။" လို့ ဦးလောကနာထ ရေးသားခဲ့ပါတယ်။ သင်္ဂဇာဆရာတော်ကြီးကလည်း သဗ္ဗလောကဿ - ခပ်သိမ်းသောသတ္တဝါအပေါင်း၏၊ သတ္ထုနော - ဘုရားအရာ၌တည်သော၊ ဓမ္မပဒဿ ဓမ္မပဒပါဠိတော်မြတ်ကို၊ နမာမိ - ရှိခိုးပါ၏ --- လို့ ရေးသားခဲ့ပါတယ်။
ကမ္ဘာ့သာသနာပြု ဆရာတော်ကြီး အရှင်သေဋ္ဌိလ အစရှိတဲ့ အရှင်မြတ်များဟာလည်း ဓမ္မပဒကို ရှေ့တန်းတင်ကာ သာသနာပြုခဲ့ပါတယ်။ မြတ်ဗုဒ္ဓဟောခဲ့သမျှ တရားတော်တွေထဲမှာ ဓမ္မပဒဟာ အရှေ့တိုင်းရော၊ အနောက်တိုင်းပါ တစ်ကမ္ဘာလုံး လူကြိုက်အများဆုံး တရားတော်ဖြစ်တာမို့ ကမ္ဘာ့သာသနာပြုပုဂ္ဂိုလ်တိုင်း ဓမ္မပဒကို ရှေ့တန်းတင်တော်မူ ကြတာပဲဖြစ်ပါတယ်။
အိန္ဒိယရဟန်းတော် အရှင်ဗုဒ္ဓရက္ခိတ(Acharya Buddharakkhita)ရဲ့ အင်္ဂလိပ်ဘာသာပြန် ဓမ္မပဒစာအုပ် မှာလည်း ဒီလိုရေးထားတော်မူခဲ့ပါတယ် -
"ခရစ်ယာန်ဘာသာဝင်တွေအတွက် သမ္မာကျမ်းစာဟာ အထွတ်အမြတ်ပါ။ အစ္စလာမ်ဘာသာဝင်တွေ အတွက် ကိုရန်ကျမ်းစာဟာ အထွတ်အမြတ်ပါ။ ဟိန္ဒူတွေအတွက် ဝေဒကျမ်းစာတွေဟာ အထွတ်အမြတ်ပါ။ ဗုဒ္ဓဘာသာဝင်တွေ အတွက်တော့ ဓမ္မပဒဟာ အထွတ်အမြတ်ပါပဲ။
ရိုးစင်းပြီး ခေတ်နောက်ကျနေသူတွေအတွက် ဓမ္မပဒဟာ စာနာထောက်ထားတတ်တဲ့ တိုင်ပင်ဖော် တိုင်ပင်ဖက် လိုပါပဲ။ ပညာမာနတက်လွန်းသူတွေ အတွက်တော့ ဓမ္မပဒဟာ နှိမ့်ချစေတတ်တဲ့တဲ့ တရားတော်မြတ်တွေ ပါပဲ။ တရားဓမ္မရဲ့ အနှစ်သာရကို ကြိုးစားရှာဖွေနေသူတွေအတွက်လည်း ဓမ္မပဒဟာ ရေရှည်နှိုးဆော်အားပေးတတ်တဲ့ အခြေခံ အရင်းအမြစ်နဲ့ လက်တွေ့ကျတဲ့လမ်းညွှန်မှုပဲဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ နှလုံးသားထဲမှာ အရောင်ဟပ်လာတဲ့ အသိဉာဏ်ပညာတွေဟာ ဓမ္မပဒကဗျာထဲမှာ တဖျတ်ဖျတ် ဝင်းလက်တောက်ပနေတဲ့ (ရတနာ)ပုံဆောင်ခဲအသွင် ပေါ်လွင်ထင်ရှားနေပါတယ်။ (ဂါထာ)ကဗျာ တစ်ပုဒ်ချင်းစီဟာ မှန်ကန်တဲ့ ဘဝနေနည်းအတွက် လမ်းညွှန်ချက်တွေ ဖြစ်ပါတယ်။ ဓမ္မပဒကဗျာစုတွေကို လေ့လာဖတ်ရှုပြီး စိတ်အား ထက်ထက်သန်သန် လက်တွေ့ကျင့်ကြံသူတိုင်းဟာ လွတ်မြောက်မှု သုခချမ်းသာကို ခံစားနိုင်ကြလိမ့်မယ်လို့  ဘုရားရှင်ဟာ ပြတ်သားစွာ မိန့်တော်မူခဲ့ပါတယ်။ "
သီဟိုဠ်နိုင်ငံသား အရှင်နာရဒ(Narada Maha Thera)ရဲ့ ဓမ္မပဒအင်္ဂလိပ်ဘာသာပြန်ကျမ်းနိဒါန်းမှာ ဒေါက်တာကဿိယပ်စ်အေပရဲယား(Dr. Cassius A.Pereira)က အောက်ပါအတိုင်း အမှာစာရေးခဲ့ပါတယ် -"ပိဋကတ်သုံးပုံထဲက စာအုပ်တစ်အုပ်အမည်ကို ပြောစမ်းပါလို့ မေးလာရင် အထစ်အငေါ့မရှိဘဲ ဓမ္မပဒကို ညွှန်ပြလိုက်ပါမယ်။ ဘာလို့လဲဆိုတော့ စာပေလောကမှာ တစ်ခုတည်းသော အကောင်းဆုံး စာအုပ်ဖြစ်လို့ပါ။ ကျွန်ုပ် အတွက် အထူးကျေးဇူးများ လို့ပါ။ နှစ်ပေါင်းလေးဆယ်ကျော်အတွင်းမှာ ကံမကောင်း အကြောင်းမသင့်လို့ စိတ်နှလုံး ပူပန်ဆင်းရဲတဲ့အခါတိုင်း သူဟာ ကျွန်ုပ်အတွက် သစ္စာရှိတဲ့ မိတ်ဆွေကောင်း တစ်ယောက် ဖြစ်ခဲ့ပါတယ်။ မနှိုင်းယှဉ် နိုင်လောက်အောင် လှပတဲ့ဂါထာတွေဟာ အကြံဉာဏ်ပေးဖို့၊ ဆင်းရဲဒုက္ခအမျိုးမျိုးက သက်သာလျော့ပါးစေဖို့၊ ဂုဏ်သတင်း ပျံ့သင်းစေဖို့၊ ထိုးထွင်းသိမြင်စေဖို့ စသဖြင့် တစ်ခုခုအတွက် အကျိုးသက်ရောက်စေပါတယ်။" တဲ့။ ဓမ္မပဒဟာ အကောင်းဆုံးအဖော်မွန်ပါလို့ ဒေါက်တာအေပရဲယားက ဆိုလိုတာပါ။
"တစ်ခုတည်းသော ကမ္ဘာတည်ဆောက်ရန် ကမ္ဘာသူကမ္ဘာသားအချင်းချင်း တစ်ဦးနှင့်တစ်ဦး ယဉ်ကျေးမှု၊ နားလည်မှု၊ ဆက်စပ်မှု၊ ညီညွတ်မှုရှိဖို့ လိုအပ်ပါတယ်။ ဓမ္မပဒက ကမ္ဘာ့ညီညွတ်မှုကို အထောက်အပံ့ဖြစ်စေပါလိမ့် မယ်"လို့ ရှရီ(သိရီ)ရာဓာကရစ်ရှနန်(Sri RaDhakrishnan)က ဓမ္မပဒနိဒါန်းမှာ ခေတ်သစ်အတွေးအခေါ်နှင့် စိတ်ပညာနယ်ကပါ သုံးသပ်ပြီး ရေးသားထားပါတယ်။
ဦးဇင်းဟာလည်း ဓမ္မပဒထဲက ကောက်နှုတ်ချက်တစ်ချို့ကို ခရစ်ယန်ဒကာမကြီးတစ်ယောက်ဆီ မက်ဆေ့စာတို ပို့ပေးခဲ့ဖူးပါတယ်။ ဒကာမကြီးက နှစ်သက်ပါတယ် တဲ့။
ဒီလိုထူးခြားချက်တွေရှိနေတဲ့ ဓမ္မပဒရဲ့ ရှေ့ဆုံးဂါထာလေးပုဒ်ကတော့ -

စိတ်သာရှင်စော ဘုရားဟော ( ဓမ္မပဒ - ၁)
တရားအားလုံးဟာ စိတ်ဆိုတဲ့ ရှေ့သွားခေါင်းဆောင်ရှိပါတယ်။
စိတ်သာ အကြီးအမှူးပါ။ စိတ်ကြောင့် ပြီးစီးရပါတယ်။
ပျက်စီးတဲ့စိတ်၊ မကောင်းတဲ့စိတ်နှင့် (တွေးကြံ) ပြောဆို ပြုလုပ်သူ ရဲ့နောက်ကို
ဆင်းရဲဒုက္ခတွေဟာ (အခွင့်သင့်တဲ့အခါ ဆိုးကျိုးပေးဖို့ရာ) အစဉ်တစိုက် လိုက်ပါနေပါတယ်။
လှည်းဘီးဟာ ဝန်ဆောင်နွားရဲ့ ခြေရာနောက်ကို လိုက်ပါနေသလိုပါပဲ။

စိတ်ထားတတ်မှ အမြတ်ရ ( ဓမ္မပဒ -၂ )
တရားအားလုံးဟာ စိတ်ဆိုတဲ့ ရှေ့သွားခေါင်းဆောင်ရှိပါတယ်။
စိတ်သာ အကြီးအမှူးပါ။ စိတ်ကြောင့် ပြီးစီးရပါတယ်။
ကြည်လင်သန့်ရှင်း အပြစ်ကင်းတဲ့စိတ် ကောင်းမြတ်တဲ့စိတ်နှင့် (တွေးကြံ) ပြောဆို ပြုလုပ်သူ ရဲ့ နောက်ကို
ချမ်းသာသုခတွေဟာ (အခွင့်သာတဲ့အခါ ကောင်းကျိုးပေးဖို့ရာ)
အေးမြတဲ့အရိပ်ပမာ အစဉ်တစိုက် လိုက်ပါနေပါတယ်။

မာန်ထူ - ရန်ပူ ( ဓမ္မပဒ - ၃ )
ဒီလူဟာ ငါ့ကို ဆဲဆိုဖူးတယ်။ ညှဉ်းဆဲဖူးတယ်။ ငါ့ကို အနိုင်ယူဖူးတယ်။ ငါ့ဥစ္စာကို ခိုးယူဖူးတယ်--
ဒီလို (နှလုံးသွင်းပြီး) ရန်ငြိုးဖွဲ့သူတွေမှာ ရန်မီး မငြိမ်းအေးနိုင်ပါဘူး။

ရန်ငြိုးကင်းဝေး ငြိမ်းအေးပါစေ ( ဓမ္မပဒ - ၄ )
ဒီလူဟာ ငါ့ကို ဆဲဆိုဖူးတယ်။ ညှဉ်းဆဲဖူးတယ်။ ငါ့ကို အနိုင်ယူဖူးတယ်။ ငါ့ဥစ္စာကို ခိုးယူဖူးတယ်-- ဒီလို (နှလုံးမသွင်း)
ရန်ငြိုးမဖွဲ့သူတွေမှာ ရန်ငြိုးကင်းဝေး ငြိမ်းအေးကြပါတယ်။

( ၃ )

ဓမ္မပဒရဲ့ ထူးခြားချက်က ဘာလဲ

နိကာယ်ငါးရပ်တို့တွင် ခုဒ္ဒနိကာယ် အဝင်အပါဖြစ်သော ဓမ္မပဒပါဠိတော်သည် စာအုပ်ပင်ငယ်သော်လည်း လူအမျိုးမျိုးတို့၏ စိတ်သဘောထား အမျိုးမျိုးကိုလိုက်၍ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူခဲ့သော တရားတော်ပေါင်းစုံ ပါရှိသဖြင့် (Anthology of Verse) တရားတော်ညွှန့်ပေါင်းကျမ်း ဖြစ်ပေသည်။ ထို ဓမ္မပဒပါဠိတော်လာ တရားများကို နာကြားကြရသဖြင့် လွတ်လပ်ရေးအစစ်၊ ငြိမ်းချမ်းရေးအစစ်ဖြစ်သည့် နိဗ္ဗာန်ချမ်းသာကိုရသော လူဦးရေပေါင်း မရေတွက်နိုင်အောင် များပြားခဲ့လေသည်။
ထိုတရားရေအေး အမြိုက်ဆေးကို ပေးနိုင်သော ဓမ္မပဒပါဠိတော်သည် အရှေ့နိုင်ငံ ဗုဒ္ဓဘာသာဝင်များ အတွက် နေလအသွင် အလွန်ထင်ရှား အကျိုးကျေးဇူးများသည့်အပြင် အနောက်နိုင်ငံ၌လည်း လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော် လောက်ကစ၍ တဖြည်းဖြည်း ထင်ရှားလာပြီးလျှင် ယခုအခါ ဗုဒ္ဓဘာသာကျမ်းစာအုပ်တို့တွင် အထင်ရှားဆုံး၊ လူကြိုက်အများဆုံး၊ ဗုဒ္ဓဘာသာအတွက် အကျိုးအများဆုံး စာအုပ်တစ်အုပ် ဖြစ်လေသည်။ ထိုသို့ဖြစ်သည့်အတိုင်းလည်း အင်္ဂလိပ်ဘာသာ၊ ပြင်သစ်ဘာသာ၊ ဂျာမန်ဘာသာများသို့ ပြန်ပြီးကြောင်း သိရပေသည်။ (ဦးသေဋ္ဌိလ၊ လန်ဒန်မြို့၊ ၁၃၁၁ ခု၊ ကဆုန်လပြည့်နေ့)
သတ္ထာ - မြတ်စွာဘုရားသည်၊ ကရုဏာဝေဂသမုဿာဟိတမာနသော- ကရုဏာတော်အဟုန် တိုက်တွန်းအပ်သော စိတ်နှလုံး ရှိတော်မူသည်ဖြစ်၍၊ ဒေဝမနုဿာနံ- နတ်လူတို့၏၊ ပီတိပါမောဇ္ဇဝဍ္ဎနံ- နှစ်သက်ခြင်း ဝမ်းမြောက်ခြင်းကို တိုးပွားစေတတ်သော၊ သုဘံ- တင့်တယ်ကောင်းမြတ်သော၊ ယံ ယံ ဓမ္မပဒံ- အကြင်ဓမ္မပဒ ဒေသနာတော်ကို၊ ဒေသေသိ- ဟောတော်မူပြီ။ (ဓမ္မပဒအဋ္ဌကထာ)
ဓမ္မပဒဟူသော ပုဒ်ကို ဓမ္မဿ ပဒံ ဓမ္မပဒံ ဟု ဝိဂ္ဂဟပြု၍ "နိဗ္ဗာန်၏အကြောင်းဖြစ်သောတရား"၊ သို့မဟုတ် "တရား၏အဖို့အစု" ဟု အနက်ပေးသင့်သည် လို့ စိန်ရတနာဆရာတော်ရဲ့ ဓမ္မပဒအဋ္ဌကထာနိဿယသစ်မှာ မှတ်ချက်ပြုထားပါတယ်။
ဓမ္မပဒပါဠိတော်ဟာ အားလုံး(၄၂၃)ဂါထာ ရှိပါတယ်။  အဲဒီဓမ္မပဒဂါထာ(၄၂၃)ပုဒ်ကို ယမကဝဂ်၊ အပ္ပမာဒဝဂ်၊ စိတ္တဝဂ်၊ ပုပ္ဖဝဂ် စသည်ဖြင့် တူရာတူရာ (၂၆)ဝဂ် ခွဲခြားထားပါတယ်။ (ဝဂ္ဂ = ဝဂ် = အပေါင်းအစု) နမူနာအဖြစ် ဓမ္မပဒ၊ ပုပ္ဖဝဂ်လာ ဂါထာအချို့ကို ကောက်နှုတ်ဖော်ပြရရင် -

အဆင်းလည်းလှ၊ ရနံ့လည်းသင်း၊ ပန်းမင်းရတနာ ( ဓမ္မပဒ - ၅၂ )
အရောင်အဆင်း လှပပြီး ရနံ့သင်းပျံ့မွှေးကြိုင်တဲ့ ပန်းလိုပါပဲ။
ကောင်းကောင်းမွန်မွန် ဟောကြားထားတဲ့ မြတ်ဗုဒ္ဓစကားတော် ဟာလည်း
လိုက်နာကျင့်သုံးသူ အတွက် အကျိုးများစွာ ဆောင်နိုင်ပါတယ်။

ကုသိုလ်ပန်းကုံး အလှဆုံး ( ဓမ္မပဒ - ၅၃ )
ပန်းမျိုးပေါင်းစုံ ပန်းပုံကြီးထဲက များပြားလှပတဲ့ ပန်းကုံးတွေကို သီကုံးပြုလုပ်သလို-
သေဖို့မွေးဖွားလာသူဟာ (မသေခင်မှာ) ကောင်းမှုကုသိုလ်တွေကို များများစုံစုံ ပြုလုပ်သင့်ပါတယ်။

ရနံ့စံအိမ် (ဓမ္မပဒ - ၅၄ )
စန္ဒကူး၊ တောင်ဇလပ်၊ စံပယ်… ပန်းရနံ့တွေဟာ အထက်လေညာအရပ်ကို မသွားရောက်နိုင်ပါဘူး။
သူတော်ကောင်းတွေရဲ့ ဂုဏ်သတင်းရနံ့ကတော့ လေညာအရပ်ကို ဆန်တက်သွားနိုင်ပါတယ်။
သူတော်ကောင်းသတင်းဟာ အရပ်မျက်နှာအားလုံးမှာ သင်းပျံ့မွှေးကြိုင် ရနံ့လှိုင်နေပါတယ်။

ရင်အေးစေတဲ့ မွှေးရနံ့ (ဓမ္မပဒ - ၅၅ )
စန္ဒကူးနှစ်၊ တောင်ဇလပ်ပန်း၊ ကြာပန်း၊ မြတ်လေးပန်း၊ စံပယ်ပန်း ….
ဒီလို မွေးပျံ့သင်းထုံ ပန်းမျိုးစုံရနံ့ထက်
သီလရနံ့ဟာ တုနှိုင်းမဲ့ (သင်းပျံ့မွှေးကြိုင်) ထူးမြတ်လှပါတယ်။

အမြတ်ဆုံးရနံ့ (ဓမ္မပဒ - ၅၆ )
တောင်ဇလပ်ပန်း၊ စန္ဒကူးနံ့သာ ….. မွှေးရနံ့တွေဟာ နည်းနည်းလေးပါ။
သီလရှိသူတွေရဲ့ သီလရနံ့ဟာ အလွန်ထူးမြတ်ပြီး နတ်ဗြဟ္မာဘုံတိုင်အောင် သင်းပျံ့မွှေးကြိုင်နေပါတယ်။

ရင်ငြိမ်းပန်းရဲ့ လမ်းကို မာရ်နတ် မခန့်မှန်းနိုင် ( ဓမ္မပဒ - ၅၇ )
သီလပြည့်စုံတဲ့၊ မမေ့မလျော့မပေါ့မဆ နေတဲ့၊ အမှန်ကောင်းကောင်းသိတဲ့၊
ကိလေသာအပူမီးတွေက လွတ်မြောက်ပြီးသူ (ရဟန္တာသူတော်ကောင်း) တွေရဲ့
သွားရောက်လမ်းကို မာရ်နတ် မသိမြင်နိုင်ပါဘူး။

ကြာပဒုံဟာ အမှိုက်ပုံမှာ ပွင့်ရသည့်တိုင်
သင်းပျံ့မွှေးကြိုင်၊ ရနံ့လှိုင်ဆဲ ၊ လှပမြဲ --- ( ဓမ္မပဒ - ၅၈ ၊ ၅၉ )
လမ်းမကြီးဘေး၊ စွန့်ပစ်ထားတဲ့ ရွံဖွယ်ပေါင်းစုံ အမှိုက်ပုံမှာ
စင်ကြယ်သန့်ရှင်း မွှေးရနံသင်းတဲ့ ပဒုမ္မာကြာပန်းကြီးဟာ
နှစ်သက်မြတ်နိုးဖွယ်ရာ တင့်တယ်ပေါ်ပေါက် ပွင့်ထွန်းလာသလို …...

အမှိုက်ပုံကြီးနှင့်တူတဲ့ - ကိလေသာများပြီး ဉာဏ်မျက်စိကန်းသူတွေကြားမှာ၊
(ကြာပန်းနဲ့တူတဲ့ -) ဘုရားတပည့် (ဘုရားစကားလိုက်နာသူ)ဟာ
အသိလိမ္မာဉာဏ်ပညာနှင့် (ကြည်ညိုမြတ်နိုးဖွယ်ရာ) လွန်စွာတင့်တယ်နေပါတယ်။

(( အမှိုက်လို - ပုထုဇဉ်အကန်းတွေအလယ်မှာ၊ ကြာပန်းလို -  မြတ်ဗုဒ္ဓသာဝကဟာ
ပညာအလင်းနဲ့ တောက်ပတင့်တယ်လိုက်တာ။ ))

(၄)
အမေရိကန် ခရစ်ယန် church ကျောင်းက ဗုဒ္ဓတရား
သီတဂူဆရာတော်ကြီးဟာ အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်ရဲ့မြို့တော် ဘော်စတွန်က ရိုမန်ကတ်သလစ် church ကျောင်းတစ်ခု မှာ တရားဟောခဲ့ရပါတယ်။ အဲဒီကျောင်းပေါက်ဝမှာ ကြေးပြားဆိုင်းဘုတ် တစ်ခု ချိတ်ထားပါတယ်။ ကြေးပြားမှာ ရေးထိုးထားတဲ့ စာတွေကတော့ -
န ဟိ ဝေရေန ဝေရာနိ၊ သမ္မန္တီဓ ကုဒါစနံ။
အဝေရေန စ သမ္မန္တိ၊ ဧသ ဓမ္မော သနန္တနော။

Hatred is, indeed, never appeased by hatred in this world.
It is appeased only by loving kindness, this is an Ancient law.

အဲဒီစာကို ပါဠိ(ရိုမန်) - အင်္ဂလိပ်နှစ်ဘာသာနှင့် ရေးထားတာ။
ဒါ့ကြောင့် ''ရန်ဖြစ်လာရင် အဲဒီရန်ကို ရန်တစ်ခုနှင့် တုံ့ပြန်ခြင်းဖြင့် ငြိမ်းချမ်းမှုကို မရနိုင်ဘူး။ ရန်ပြုလာတဲ့ ပုဂ္ဂိုလ်ကို တုံ့ပြန်၍ ရန်မပြုခြင်းသည် အေးချမ်းဖို့ အကောာင်းဆုံးနည်းလမ်းတစ်ခုပဲ" ဆိုပြီး သီတဂူဆရာတော်ကြီးက အမေရိကန်တွေကို အဲဒီဓမ္မပဒဂါထာနှင့်ပတ်သက်ပြီးလည်း အကျယ်တဝင့် အင်္ဂလိပ်လို ဟောပေးလိုက်ပါတယ်။
ခရစ်ယန်ဘုန်းတော်ကြီးကလည်း သူ့အခန်းထဲကနေပြီး တရားနာပါတယ်တဲ့။
တရားဟောလို့ပြီးတဲ့အခါ သီတဂူဆရာတော်ကြီးက မေးပါတယ်။ ''ကျောင်းထဲမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးကို ကြိုဆိုတာရယ်၊ ဗုဒ္ဓတရားဟောခွင့်ပေးတာရယ် ဒီနှစ်ခုကို အလွန်ကျေနပ်ပါတယ်။ ဝမ်းလည်းသာတယ်။ ကျောင်းပေါက်ဝမှာ ခုနကပြောတဲ့ စာပိုဒ်လေးတွေ့တော့ ငါမင်းကို ကြည်လည်းကြည်ညို ပါတယ်။ မင်း ဗုဒ္ဓတရားတော် တွေကို တော်တော်များများ လေ့လာဖူးလား" လို့ မေးကြည့်တော့ သူက အင်္ကျီအိပ်ကပ် ထဲက စာအုပ်လေးကို ဆွဲထုတ်တယ်။ စာအုပ်လေးက ဓမ္မပဒစာအုပ်၊ လက်ဝါးလောက်ရှိတယ်။ သေးသေးလေး။ ဘုန်းကြီးတို့ ဘုရားဟောထား တဲ့ ဓမ္မပဒစာအုပ်လေးကို ခရစ်ယာန်ဘုန်းတော်ကြီးက သူ့အင်္ကျီ အိပ်ကပ်ထဲ ထည့်ထားတယ်။ စာအုပ်လေးက ကြေနေတာပဲ။ ထပ်တလဲလဲ ဖတ်ထားဟန်တူပါတယ်။
ခရစ်ယာန်ဘုန်းကြီးက သူ့ဖြစ်စဉ်ကို ပြောပြပါတယ်။ သူက ခရစ်ယာန်ဘုန်းကြီးမဖြစ်ခင်က တော်တော်ဆိုး တဲ့ လူဆိုးလူမိုက်တစ်ယောက်တဲ့။ ဆိုးရင်းမိုက်ရင်းနှင့် ပြစ်မှုတစ်ခုကြောင့် ထောင်ထဲရောက်သွားတယ်။ ထောင်ထဲမှာ သူနှင့် အတူနေတဲ့ လူတစ်ယောက်က ဗုဒ္ဓဘာသာကို ကိုးကွယ်တယ်။ အဲဒီဗုဒ္ဓဘာသာကိုးကွယ်တဲ့လူဆီက ဓမ္မပဒစာအုပ်လေး ဖတ်မိတဲ့အခါ ခုနကပြောတဲ့ "န ဟိ ဝေရေန ဝေရာနိ - ရန်ကို ရန်ချင်း မတုံ့ပြန်နဲ့" ဆိုတာကို ဖတ်ပြီး ကြိုက်သွားတယ်။ ဓမ္မပဒစာအုပ်လေးကို ငှားဖတ်ရင်း တဖြည်းဖြည်း သူ့စိတ်ဟာ ကြည်လင်ရွှင်ပြလာတယ် တဲ့။ တစ်လောကလုံးကို မကျေမနပ်ဖြစ်နေတဲ့စိတ်တွေ ပျောက်သွားတယ်တဲ့။ သူခရစ်ယာန်ဘုန်းတော်ကြီးဖြစ်လာပြီး တရားဟောတဲ့အခါ မှာလည်း ဓမ္မပဒစာအုပ်လေးထဲက စာပိုဒ်တွေ ထည့်ဟောပါတယ်တဲ့။
(သီတဂူဆရာတော်ကြီး၏ ဓမ္မရိပ်မဂ္ဂဇင်း(မတ်လ၊၂၀၀၆) ပါ ''ကမ္ဘာ့ငြိမ်းချမ်းရေး"ဆောင်းပါးမှ အကျဉ်းချုပ် ကောက်နှုတ်တင်ပြအပ်ပါသည်)

(၅)
ဓမ္မပဒအဖော်မွန်

အကောင်းဆုံးမိတ်ဆွေမှာ ဓမ္မပဒပင်ဖြစ်၏။ တစ်ပုဒ်တစ်ဂါထာတည်းဖြင့်ပင် ဆောက်တည်ရာ ရနိုင်လေ သည်။ လှန်ချင်သည့်နေရာကို လှန်ပြီး မျက်စိအောက် ရောက်ရာ စာပုဒ်ကို ဖတ်လိုက်ပါ။ ထိုစာပုဒ်သည် စာဖတ်သူ အတွက် အသုံးဝင်မည်မှာ ယုံမှားစရာ မရှိပါ။ ဓမ္မပဒ၏ ကျေးဇူးရပ်တို့ကို ပြည့်စုံအောင် ဘယ်သူပြောနိုင်ပါ့ မည်နည်း။ ကိုယ်တိုင်သိစေရန် ကိုယ်တိုင်လေ့လာခြင်းသည် အကောင်းဆုံးနှင့် အမှန်ဆုံးဖြစ်၏။ (ဆရာကြီး ဦးသော်ဇင်)

တဿ ပါဒေ နမဿိတွာ၊ သမ္ဗုဒ္ဓဿ သိရီမတော - ကျက်သရေမင်္ဂလာအဖြာဖြာနှင့်ပြည့်ဝသော မြတ်ဗုဒ္ဓ၏ ခြေတော်အစုံ ကြာပဒုံကို မြတ်နိုးလှစွာ ဦးတိုက်ရှိခိုးကာ ဆောင်းပါးနိဂုံးချုပ်အနေနှင့် ဓမ္မပဒဂါထာလေးပိုဒ်ကို ဖော်ပြအပ်ပါသတည်း -

မကျင့် ရင် မကျန် ( ဓမ္မပဒ - ၁၉ )
အကျိုးစီးပွား ကြီးမားတဲ့ ဘုရားစကားတော် တရားဓမ္မတွေကို များများ သင်ကြားဟောပြောနေပေမယ့် ယစ်မူးမေ့လျော့ပေါ့ဆပြီး တရားနှလုံးမသွင်းရင်၊ (တရားနှင့်အညီမကျင့်သုံးရင်) ဘာဝနာအားမထုတ်ရင် -
တရားမကျင့်ကြံသူဟာ ရဟန်းပြုခြင်းရဲ့ အကျိုးဝေစုဖြစ်တဲ့ မဂ်ဖိုလ်နိဗ္ဗာန်ကို မရနိုင်ပါဘူး။
သူတပါးရဲ့ နွားတွေကို ရေတွက်နေတဲ့ နွားကျောင်းသားလိုပေါ့။
( နွားနို့အရသာ နွားကျောင်းသား မခံစားရသလိုပဲပေါ့။ )

သိပြီးကျင့်သုံး အမြတ်ဆုံး၊ တစ်လုံးသိသိ အကျိုးရှိ၏ ( ဓမ္မပဒ - ၂၀ )
အကျိုးစီးပွား ကြီးမားတဲ့ ဘုရားစကားတော်တရားဓမ္မတွေကို နည်းနည်းပဲ သင်ကြားဟောပြောပေမယ့်လည်း
တရားနဲ့အညီ ကျင့်သုံးအားထုတ်ရင် ရာဂ၊ ဒေါသ၊ မောဟ ကိလသောတွေ ကို စွန့်ပယ်နိုင်ပါတယ်။
သတိပညာနဲ့ ကောင်းကောင်းသိမြင်ပြီး ကောင်းကောင်း လွတ်မြောက်တဲ့စိတ်ရှိလို့
ဒီလောက ကိုရော၊ အခြားလောက ကိုပါ
မငြိတွယ် မစွဲလမ်းဘဲ မဂ်ဖိုလ်နိဗ္ဗာန်အကျိုးစုနှင့် ပြည့်စုံပါတယ်။

ကုသိုလ်စိတ်ဟာ အကောင်းဆုံးမိတ်ဆွေပါ ( ဓမ္မပဒ - ၄၃ )
အမေလည်း မလုပ်ပေးနိုင်၊ အဖေလည်း မလုပ်ပေးနိုင်၊
တခြားဆွေမျိုးတွေလည်း မလုပ်ပေးနိုင်ပါဘူး။
မိဘဆွေမျိုးအားလုံးထက် ပိုလွန်ပြီး …
စိတ်ထားမှန် စိတ်ထားကောင်း ကုသိုလ်စိတ်ကပဲ
ထူးကဲမွန်မြတ်တဲ့ ချမ်းသာသုခရအောင် ပြုလုပ်ဆောင်ရွက်ပေးနိုင်တာပါ။

ကိုယ်သာလျှင် ကိုယ့်ဘဝရဲ့ ပဲ့ကိုင်ရှင် ( ဓမ္မပဒ - ၁၆၀ )
ကိုယ်သာ ကိုယ့်ရဲ့ အားကိုးရာပါ။ အခြားသူတွေဟာ ဘယ်မှာ အားကိုးရာ ဖြစ်နိုင်ပါ့မလဲ ?
ကိုယ့်ကိုယ်ကို လိမ္မာယဉ်ကျေးအောင် ကောင်းကောင်းမွန်မွန် ဆုံးမရင်
အလွန်ရခဲလှတဲ့ မှီခိုအားကိုးရာ(နိဗ္ဗာန်) ကို ရနိုင်ပါတယ်။

နမော ဓမ္မပဒဿာဟံ သဗ္ဗလောကဿ သတ္ထုနော
အရှင်ဉာဏဝရ(ပါရမီ) 25.6.17
ညွှန်း
(၁) ဓမ္မပဒပါဠိတော်နိဿယ - သင်္ဂဇာဆရာတော်ကြီး
(၂) ဓမ္မပဒပန်းကုံး - အရှင်ကုမာရ (မှော်ဘီသာသနာ့ဝန်ဆောင်ကျောင်းတိုက်များ၏ ပဓာနနာယက)
(၃) သရုပ်ပြဓမ္မပဒကျမ်း - ပထမကျော် ဓမ္မာစရိယ ဆရာကြီးဒေါ်ဝိဇ္ဇေသီ
(၄) ဓမ္မပဒ The Dhammapada - The Buddha's Path of Wisdom  - အရှင်သေဋ္ဌိလ နှင့် Acharya Buddharakkhita
(၅) နိဗ္ဗာန်လမ်းပြ ဓမ္မပဒ - ကမ္ဘာအေးဆရာတော် အရှင်ပညာဒီပ
(၆) စိတ်အားဖြည့်ဓမ္မပဒ - အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)
(၇) ဓမ္မပဒနိဿယသစ်(ပတွဲ) - စိန်ရတနာဆရာတော် အရှင်သာသနဝရ
(၈) ဓမ္မပဒ - ဦးသော်ဇင်
(၉) ဓမ္မပဒလေ့လာချက် - ဦးကို၊ ဒေါ်ခင်သိန်း၊ ဦးကျော်ရှိန်(ပါဠိဌာနမှူးများ)
(၁၀) ဓမ္မပဒမိတ်ဆက် - ဦးအေးချို(မဟာဝိဇ္ဇာ)
(၁၁) ဓမ္မပဒအဖော်မွန် - အရှင်ဉာဏဝရ(ပါရမီ)
G အပ္ပမာဒ မဂ္ဂဇင်း ၊ ဒီဇင်ဘာလ ၂၀၁၇ တွင် ဖော်ပြပြီး ဖြစ်ပါသည်။