Saturday, March 9, 2019

တိတ်ဆိတ်စွာ စီးဆင်းခြင်း

တိတ်ဆိတ်စွာ စီးဆင်းခြင်း

ချောင်းငယ်မြောင်းငယ်တွေဟာ ချောင်ကြိုချောက်ကြားမှာ ဆူညံစွာ စီးဆင်းကြပါတယ်။
မြစ်ပြင်ကျယ်ကြီးတွေကတော့ တိတ်တိတ်ဆိတ်ဆိတ်ပဲ စီးဆင်းကြပါတယ် ။
(နာလကသုတ်)

ဆူဆူညံညံ အကြွားသန်၊ အငြင်းသန်သူတွေနဲ့ ဆုံရတဲ့အခါ ဒီမိန့်ကြားချက်လေးကို ကြားယောင်မိပါတယ်။ တချို့ကတော့ ပေါ်ပူလာဖြစ်ချင်လို့(မလိုအပ်ပါဘဲ) လူစုလူဝေးကြားမှာ အော်ဟစ်ပြကြတယ်။ တချို့ကတော့ လူအများရှေ့မှ ဆရာကြီးလုပ်ပြကြပါတယ်။ တချို့ အရာရှိတွေကလည်း အများရှေ့မှာမှ ကိုယ့်ဝန်ထမ်းတွေကို ဟိန်းဟောက်ကြပြန်တယ်။ အဲဒီလို ဖြစ်ရပ်မျိုးတွေကြုံတိုင်း ဒီဥပမာလေးကို မြင်ယောင်မိပါတယ်။

ချောင်းငယ်မြောင်းငယ်တွေဟာ ကျဉ်းကျဉ်းမြောင်းမြောင်း စီးဆင်းရတဲ့အတွက် အတွက် ဆူညံတဲ့အသံထွက်နေပါတယ်။
ကိုယ့်စိတ် ကိုယ့်သဘောထားဟာ ကျဉ်းမြောင်းနေရင် ကိုယ့်ပတ်ဝန်းကျင်မှာ ဒေါသသံ၊ မာနသံတွေနဲ့ ဆူညံနေမှာပါ။
ချောင်းငယ်မြောင်းငယ်တွေဟာ အမှိုက်သရိုက် အညစ်အကြေးတွေနဲ့ စီးဆင်းရပါတယ်။ လောဘ ဒေါသ မာန်မာနကြီးသူတွေဟာလည်း ကိလေသာအညစ်အကြေးတွေနဲ့ ဆူညံပူလောင်နေကြရပါတယ်။

စိတ်သဘောထားပြည့်ဝသူတွေ သဘာထားအမြင် ကျယ်ပြန့်သူတွေကတော့ မြစ်ပြင်ကျယ်ကြီး ပင်လယ်သမုဒ္ဒရာကြီးနဲ့ တူပါတယ်။ သူတို့က အရှိန်အဟုန်နဲ့ စီးဆင်းနေပေမယ့် ချောင်းငယ်မြောင်းငယ်တွေလို အသံသိပ်မထွက်ပြကြပါဘူး။ သူတို့ဟာ အေးအေးငြိမ့်ငြိမ့်နဲ့ ဣနြေ္ဒရရစီးဆင်းကြပါတယ်။

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဘီအေ ပထမနှစ် မှာ နာလကသုတ် သင်ရတဲ့အခါ ဒီဥပမာလေးကို ကြိုက်လွန်းလို့ ခဏခဏပြန်ဖတ်မိပါတယ်။ မြတ်စွာဘုရားပေးတဲ့ ဒီဥပမာလေးက တိတ်ဆိတ်တဲ့ ကိုယ့်ဘဝကို အဓိပ္ပါယ်ပိုရှိစေခဲ့ပါတယ်။ စိတ်ဓာတ်ခွန်အားတွေလည်း ရရှိစေခဲ့ပါတယ်။

ကိုယ်ဟာ မြစ်ပြင်ကျယ်ကြီးလို မကြီးကျယ်နိုင်ရင်တောင် ဆူညံတဲ့ ချောင်းငယ် မြောင်းငယ်လေးတော့ မဖြစ်ချင်ပါဘူး။ အနည်းဆုံးတော့ တသွင်သွင် စီးဆင်းပြီး အသံငြိမ့်ငြိမ့်လေးသာထွက်တဲ့ စမ်းချောင်းငယ်လေး ပဲဖြစ်ချင်ပါတယ်လေ။

small channels move noisily; the great oceans move in silence.
သဏန္တာ ယန္တိ ကုသောဗ္ဘာ၊ တုဏှီယန္တိ မဟောဒဓီ။
ချောင်းမြောင်းတွေမှာ ဆူညံစွာ၊ တိတ်ဆိတ်သော သမုဒ္ဒရာ....
(သုတ္တနိပါတ်၊ မဟာဝဂ်၊ နာလကသုတ်)

အရှင်ဉာဏဝရ(ပါရမီ)