Showing posts with label ဗုဒ္ဓါနုဿတိ. Show all posts
Showing posts with label ဗုဒ္ဓါနုဿတိ. Show all posts

Monday, November 3, 2014

ရတနာနှလုံးသား

ရတနာနှလုံးသား

ဘုရားအမြတ်ဆုံးရတနာ၊ တရားအမြတ်ဆုံးရတနာ၊ သံဃာအမြတ်ဆုံးရတနာ၊ ရတနာမြတ်သုံးပါးရဲ့ဂုဏ်တော်တွေနဲ့ တန်ဆာဆင်ထားတဲ့နှလုံးသားဟာ ရတနာနှလုံးသားပါ။”

သရဏဂုံတည်ခြင်း အကျိုး(၈)မျိုး
၁။ ဖြစ်လေရာဘ၀တိုင်း၌ အများအပူဇော်ခံရခြင်း။
၂။ ထက်မြက်သော ဉာဏ်ပညာရှိခြင်း။
၃။ အများကို မိမိအလိုသို့ လိုက်ပါစေနိုင်ခြင်း။
၎။ အများနှင့်မတူသော စည်းစိမ်ချမ်းသာများကို ခံစားရခြင်း။
၅။ ၀င်းဝါစိုပြေသော ရုပ်အဆင်းရှိခြင်း။
၆။ အများနှစ်သက် ကြည်ညိုမှုကို ခံရခြင်း။
၇။ မိတ်ဆွေ၊ အပေါင်းအသင်းများ၏ ချစ်ခင်မှုကို ခံရခြင်း။
၈။ ကျော်စောထင်ရှားခြင်း။
(အပါဒါန်ပါဠိတော်နှင့် အဋ္ဌကထာ)

ငါဘုရားအပေါ် ယုံကြည်ရုံမျှ၊ ချစ်မြတ်နိုးရုံမျှဖြင့်၊ နတ်ရွာသုဂတိသို့ လားရောက်နိုင်၏။”
(မူလပဏ္ဏာသ၊ အလဂဒ္ဒူပမသုတ်)

သိဒ္ဓိပြီးလိုလျှင်
ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကိုသာ အားထားကြ၊ မေတ္တာပွားကြ၊
လိုရာသိဒ္ဓိ ပြီးမြောက်မည်။
သိဒ္ဓိဆိုတာ လိုရာပြီးမြောက်တာကို ခေါ်တာ၊ ပြီးပြည့်စုံအောင်ဆိုတာ
လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ရတယ်။
ဒါန၊ သီလ၊ ဘာဝနာ မပါဘဲ အလိုလို မပြီးနိုင်ဘူး။

လိုတရပြည့်စုံနည်း
ရတနာသုံးပါးကို သွားတဲ့အခါ၊ စားတဲ့အခါ မမေ့နဲ့။
စီးပွားရှာလည်း မမေ့နဲ့။
အကုန်လုံးပြည့်စုံနိုင်တဲ့ ရတနာသုံးပါး။
(သာမညတောင်ဆရာတော်ကြီး)
ဗုဒ္ဓအလိုကျ တန်ဆာဆင်ပါ
လက်၏တန်ဆာသည် လက်စွပ်၊ လက်ကောက်မဟုတ်၊ ပေးကမ်းစွန့်ကြဲခြင်းသာ။
နား၏တန်ဆာသည် နားကပ်၊ နားဋောင်းမဟုတ်၊ တရားဓမ္မနာကြားခြင်းသာ။
ကိုယ်၏ အဆင်တန်ဆာသည် ဘယက်ဒွါရမဟုတ်၊ မေတ္တာ ကရုဏာဖြင့် သူတပါးအကျိုး ဆောင်ရွက်ခြင်းသာ။
(သပြေကန်ဆရာတော်ကြီး)

လူ့ဘုံ၊ နတ်ဘုံ၊ နဂါးဘုံမှာ ရတနာကား အစားစား၊ များပြားလှပါပေ။
တန်ခိုးတေဇာ ဝေဖြာတောက်ကြွား၊ မြတ်ဘုရားနှင့် မခြားတူမျှ ရတနာက လုံးဝမရှိပါပေ။
သစ္စာဤစကား စွမ်းပကားကြောင့်
များပြားလှစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

လူ့ဘုံ၊ နတ်ဘုံ၊ နဂါးဘုံမှာ ရတနာကား
အစားစား၊ များပြားလှပါပေ။
တန်ခိုးတေဇာ ဝေဖြာတောက်ကြွား၊ မြတ်တရားနှင့် မခြားတူမျှရတနာက လုံးဝမရှိပါပေ။
သစ္စာဤစကား စွမ်းပကားကြောင့်
များပြားလှစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

လူ့ဘုံ၊ နတ်ဘုံ၊ နဂါးဘုံမှာ ရတနာကား အစားစား၊ များပြားလှပါပေ။
တန်ခိုးတေဇာ ဝေဖြာတောက်ကြွား၊ သံဃာများနှင့် မခြားတူမျှရတနာက လုံးဝမရှိပါပေ။
သစ္စာဤစကား စွမ်းပကားကြောင့်
များပြားလှစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
(ပရိတ်တော်အလင်္ကာ -စိန်ရတနာဆရာတော်)

လောကမှာ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ တွင်း၊ ကန် ထဲမှာရှိတဲ့ ရေချိုရေကောင်း ကိုယ့်အိမ်ရောက်စေချင်တော့ အိုးနဲ့ခပ်ကြတယ်။ ပုံးနဲ့ခပ်ကြတယ်။ ပိုက်လိုင်းတွေနဲ့ သယ်သူကြတယ်။ ယူနိုင်သလောက် ကိုယ့်အိမ်ရောက်တာပဲ။
ဒါမျိုးလိုပေါ့။ စွမ်းအားတော်အနန္တပိုင်ရှင် ဖြစ်တော်မူတဲ့ မြတ်စွာဘုရားထံမှ မိမိရဲ့ခန္ဓာနှလုံးအိမ်အတွင်းသို့ သဒ္ဓါ၊ ပညာ ဆိုတဲ့ ပိုက်လိုင်းတွေ၊ ခွက်တွေ၊ ပုံးတွေနဲ့ ခပ်ယူ၊ သွင်းယူကြရတာ။
ဘုရားထံက ဉာဏ်ဓာတ်တွေ၊ တန်ခိုး ဓာတ်တွေ၊ စွမ်းအားဓာတ်တွေကို ကိုယ့်နှလုံးသား အစဉ်ပြောင်းအောင် သွင်းယူကြရတာ။

သရဏဂုံသုံးပါးကို အမှုမဲ့အမှတ်မဲ့ဆိုတော့ ဘယ်နှစ်ခေါက်ဆိုဆို ထူးတယ်လို့ မထင်ရပါဘူး။ ရိုးနေပြီပဲ။ သဒ္ဓါ၊ ပညာအားလေးကိုသွင်းပြီး အာရုံပြုကြည့်ကြစမ်းပါ။ ဘယ်နှစ်ခေါက်ဆိုဆို ရိုးသွားတယ်၊ ဟောင်းသွားတယ်၊ ၀သွားတယ်၊ အီသွားတယ် မရှိပါဘူး။ သူများရွတ်တာ ဘယ်နှစ်ခေါက်နားထောင်၊ နားထောင် ရိုးသွားတယ်၊ ၀သွားတယ် မရှိပါဘူး။ မရှိရုံတင် မဟုတ်ဘူးလေ။ ပထမအခေါက်ထက် ဒုတိယအခေါက်က တန်ခိုးသတ္တိတိုးလာတယ်။ ဒုတိယအခေါက်ထက် တတိယအခေါက်က စွမ်းအားသတ္တိတွေ တိုးလာတယ်။ ဒါကတည်းက အထဲမှာ အစွမ်းသတ္တိတွေ ခိုအောင်းနေပြီဆိုတာ သေချာသွားပြီ။ (ယောဆရာတော်ကြီး)

သုံးလူ့ထွဋ်ထား မြတ်ဘုရားကို
အားရပါးရ ရှိခိုးမယ်။
လူနတ်ဗြဟ္မာ အကျိုးများဖို့
ငါတို့ဘုရား ပွင့်ပေါ်တယ်။
အားကိုးကြည်ညို မှီခိုတတ်ရင်
အမြတ်ကောင်းကျိုး ဖြိုးဝေတယ်။
ဖူးမြင်ဦးချ ပူဇော်ကြလို့
စိတ်က ဂုဏ်တော်မှန်းဆရွယ်။
ရုပ်ပုံလည်းထင် ဂုဏ်လည်းမြင်
ကြည်လင်စိတ်ဝမ်း ချမ်းမြတယ်။
မှန်းဆရွယ် ဖူးမယ်။

ကောင်းကျိုးပေးတတ် တရားမြတ်ကို
မပြတ်နေ့စဉ် ရှိခိုးမယ်။
လူနတ်ဗြဟ္ဗာ ချမ်းသာရေးမို့
ငါတို့ဘုရား ဟောပေးတယ်။
သင်သိ၊ တွေးသိ၊ သေချာသိဖို့
လေ့လာကြည့်ဖို့ ကောင်းလှတယ်။
ကြောင်းကျိုးဆက်စပ် လောကဓါတ်
မပြတ်သံသရာ ခေါ်ပါတယ်။
မကောင်းတာသိ၊ ကောင်းတာရှိ
တရားရှိဖို့ ကျင့်ပါ့မယ်။
ရှိဖွယ်၊ ကျင့်မယ်။

ဗုဒ္ဓသားရင်း သံဃာများကို
ကြည်ညိုအားထား ရှိခိုးမယ်
ကောင်းကံမျိုးစေ့ စိုက်ပျိုးကြရင်
အကျိုးဖွံ့ဖြိုး ရစေတယ်။
ဘေးရန်အန္တရာယ် ဥာဏ်မြင်ကြောက်လို့
တောက်လျှောက်မနား ကြိုးစားတယ်။
စိတ်ဓါတ်ကောင်းတွေ အင်အားရှိလို့
အများအသိ ညီညွတ်တယ်။
ကြည်ညိုသက်ဝင် အသိယှဉ်
နေ့စဉ်မပြတ်ဦးချမယ်
ဖူးကြကွယ်၊ ထူးတယ်။

(ဓမ္မဒူတယဉ်ကျေးလိမ္မာဝတ်ရွတ်စဉ်)

ဘုရားဂုဏ်တော်ကိုးပါးရဲ့အဓိပ္ပါယ်တွေကိုမြန်မာလို သိထားသင့်ပါတယ်။အလွတ်ရအောင်ကျက်ထားပြီး အနည်းဆုံးတစ်နေ့တစ်ခေါက် ပါဠိလိုရော၊ မြန်မာလိုပါ ပွားများသွားမယ်ဆိုရင် မေ့မှာလည်းမဟုတ်တော့ပါဘူး။
အကျိုးလည်း အင်မတန်ကြီးမားပါတယ်။ မြန်မာလူမျိုးတွေအနေနဲ့ မြန်မာလိုဂုဏ်တော်ပွားတာ် အကောင်းဆုံးပါပဲ။
အဓိပ္ပါယ်ရင်ထဲရောက်တဲ့အတွက် ဘုရားကိုလည်း ပိုကြည်ညိုပါတယ်။
ဓာတ်ကောင်း တွေလည်း ပိုကူးစက်ပါတယ်။ တန်ခိုးသတ္တိလည်း ပိုထက်မြက်ပါတယ်။ (ရွှေပါရမီဆရာတော် အရှင်ဆန္ဒာဓိက)
ဘုရားဂုဏ်တော်ကိုးပါး
အရဟံ - ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား။
ဆိတ်ကွယ်ရာ၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား။
ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။
သမ္မာသမ္ဗုဒ္ဓေါ - သိစရာအားလုံးတို့ကို အမှန်အတိုင်း ကိုယ်ပိုင်ဥာဏ်ဖြင့် သိတော်မူသော မြတ်စွာဘုရား။
ဝိဇ္ဇာစရဏသမ္ပန္နော - အသိဥာဏ်ရော အကျင့်ပါပြည့်စုံတော်မူသော မြတ်စွာဘုရား။ (ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတစ်ဆယ့်ငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား)
သုဂတော - ကောင်းသောစကားကို ဆိုတော်မူသော မြတ်စွာဘုရား။ (မှန်ကန်၍ အကျိုးရှိသောစကားကို ဆိုတော်မူသော မြတ်စွာဘုရား) ကောင်းသောနိဗ္ဗာန်သို့ ကြွတော်မူသော မြတ်စွာဘုရား။
လောက၀ိဒူ - လောကသုံးပါးကို သိတော်မူသော မြတ်စွာဘုရား။ (သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောက ဟုဆိုအပ်သော လောကသုံးပါးကို သိတော်မူသော မြတ်စွာဘုရား)
အနုတ္တရောပုရိသဒမ္မသာရထိ - ဆုံးမထိုက်သူတို့ကို အတုမရှိ ဆုံးမတော်မူတတ်သော မြတ်စွာဘုရား။
သတ္ထာဒေ၀မနုဿာနံ - နတ်၊ လူ တို့၏ ဆရာတစ်ဆူဖြစ်တော်မူသော မြတ်စွာဘုရား။    (နတ်၊ လူတို့အား ကောင်းရာကောင်းကြောင်း ညွှန်ပြတော်မူသော မြတ်စွာဘုရား)
ဗုဒ္ဓေါ - သစ္စာလေးပါးကို ကိုယ်တိုင်လည်းသိတော်မူ၊ သူတပါးကိုလည်းသိအောင် ဟောတော်မူသော မြတ်စွာဘုရား။ (ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ ဟုဆိုအပ်သော သစ္စာလေးပါး တို့ကို ကိုယ်တိုင်လည်းသိတော်မူ၊ သူတစ်ပါးတို့ကိုလည်း သိအောင် ဟောတော်မူသော မြတ်စွာဘုရား)
ဘဂ၀ါ - ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၁။ ဣဿရိယဘုန်းတော် - မိမိစိတ်ကိုရော၊ တစ်လောကလုံးကိုပါ အစိုးရတော်မူသော မြတ်စွာဘုရား။
၂။ ဓမ္မဘုန်းတော် -  မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၃။ ယသဘုန်းတော် - များပြားသော အခြံအရံ၊ ပျံနှံ့သော အကျော်အစောနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
သိရီဘုန်းတော် -  အတုမရှိသော ကျက်သရေတော် နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
ကာမဘုန်းတော် -  လိုအင်ဆန္ဒမှန်သမျှ ခဏချက်ချင်း ပြည့်ဝတော်မူသော မြတ်စွာဘုရား
ပယတ္တဘုန်တော် -  အတုမရှိသော လုံလ၀ီရိယနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
(ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက)

တရားဂုဏ်တော် ခြောက်ပါး
ဘဂ၀ါတော- မြတ်စွာဘုရားရှင်၊ အက္ခတော- ဟောကြားတော်မူအပ်သော၊ ဓမ္မော- မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်၊ ပရိယတ်အားဖြင့် ဆယ်ပါးသော တရားတော်မြတ်သည် ---
သွာက္ခာတော - ကိလေသာငြိမ်းကြောင်း ကောင်းမွန်မှန်ကန်စွာ ဟောအပ်သော တရားတော်။
သန္ဒိဋ္ဌိကော - ကျင့်ကြံအားထုတ်လျှင် မျက်မှောက်ကိုယ်တိုင် တွေ့မြင်နိုင်သော တရားတော်။ အကာလိကော - အချိန်အခွင့် မဆိုင်းလင့်ဘဲ အသင့်လက်ငင်း ချက်ခြင်းအကျိုးပေးတတ်သော တရားတော်။
ဧဟိပဿိကော - “ လာပါ၊ ကြည်လှည့်ပါ ” ဟု ကျင့်ကြံအားထုတ်ရန် ဖိတ်မန်တိုက်တွန်းထိုက်သော တရားတော်။
သြပနေယျိကော - မိမိသန္တာန်၌တည်အောင် ကျင့်ဆောင်ထိုက်သော တရားတော်။
ပစ္စတ္တံဝေဒိတဗ္ဗော ၀ိညူဟိ - တရားသိမြင်သည့် ပညာရှိရှစ်ပါးအရိယာများသာလျှင် အသီးသီးသိမြင်ခံစားရသော တရားတော်။

သံဃာဂုဏ်တော် ကိုးပါး
ဘဂ၀တော - မြတ်စွာဘုရားရှင်၏၊ သာဝကသံဃော- တပည့်သားဖြစ်သော အရိယာသံဃာတော်အပေါင်း (နှင့် အရိယာနွယ်ဝင် သံဃာတော်အပေါင်း)သည် ---
သုပ္ပဋိပန္နော - လောဘ၊ ဒေါသ၊ မောဟကင်းကြောင်း သီလ၊ သမာဓိ၊ ပညာ အကျင့်ကောင်းကို) ကောင်းစွာ
ကျင့်တော်မူသော သံဃာတော်။
ဥဇုပ္ပဋိပန္နော - ကိလေသာအကောက်ကင်းရန် ဖြောင့်မှန်စွာ ကျင့်တော်မူသော သံဃာတော်။
ဉာယပ္ပဋိပန္နော - ဆင်းရဲငြိမ်းရန် နိဗ္ဗာန်အလို့ငှာ သင့်လျော်စွာကျင့်တော်မူသော သံဃာတော်။
သာမိစိပ္ပဋိပန္နော - သူများကပြုသည့် ရိုသေမှုနှင့် သင့်တင့်ထိုက်တန်အောင် ကျင့်ကြံတော်မူသော သံဃာတော်။
အာဟုနေယျော - ရပ်ဝေးမှပင် ဆောင်ယူလာ၍ ပေးလှူသည်ကို ခံယူတော်မူထိုက်သော သံဃာတော်
ပါဟုနေယျော - ချစ်မြတ်နိုးအပ်သည့် ဧည့်သည်များ အတွက် အထူးပြုပြင်ထားသော စားကောင်းသောက်ဖွယ် ကိုပင် ပေးလှူပူဇော်ထိုက်သော သံဃာတော်။
ဒက္ခိဏေယျော - နောင်တမလွန်လောက၌ ကောင်းကျိုးရမည်ဟု ယုံကြည်၍ ပေးလှူသည်ကို
ခံယူတော်မူထိုက်သော သံဃာတော်။
အဉ္စလိကရဏီယျော - ကောင်းကျိုးချမ်းသာ မှန်စွာ ရမည်ဟု ယုံကြည်မျှော်ကိုးလျှက် လက်အုပ်မိုး၍ ရှိခိုးထိုက်သော သံဃာတော်။
အနုတ္တရံ ပုညက္ခေ လောကဿ - ကောင်မှုမျိုးကို စိုက်ပျိုးရန်အလို့ငှာ သတ္တ၀ါအပေါင်း၏ အကောင်းဆုံးလယ်ယာမြေဖြစ်တော်မူသော သံဃာတော်
(မဟာစည်ဆရာတော်ကြီး)
အကောင်းမှီရင် အမှီကောင်းတယ်
ဂုဏ်တော်အမြဲပွားသူရဲ့စိတ်ဟာ ဂုဏ်တော်သတ္တိ၊ ဂုဏ်တော်ဓါတ်တွေ အမြဲအရှိန်ဟပ်နေတဲ့အတွက်
ရတနာတုံး၊ ရတနာခဲကြီးနဲ့ တူနေပါတယ်။
“ ရတနာရှိရာ ရတနာလာ ” မြဲထုံးစံအတိုင်း
ဂုဏ်တော်အမြဲပွားနေသူရဲ့ထံမှောက်ကို
ကောင်းကျိုးမျိုးစုံဆိုက်ရောက်လာမှာ အသေအချာမို့
မြတ်စွာဘုရားရှင်က
ဂုဏ်တော်ပွားရင် လိုတရနိုင်တယ် ” လို့
စကားကုန် မိန့်ကြားတော်မူခဲ့ပါတယ်။
(ရွှေပါရမီဆရာတော်- အရှင်ဆန္ဒာဓိက)

တေသု စိတ္တပ္ပသာဒေါပိ၊ ဒုက္ခတော ပရိမောစယေ။
ဘဂေ၀ါ နုကရိယာ တေသံ၊ ဓမ္မတာ အနုဓမ္မတော။
ရတနာသုံးပါးအပေါ်၌ ကြည်ညိုစိတ်ဖြစ်ကာမျှဖြင့် ဒုက္ခအမျိုးမျိုးမှ လွတ်မြောက်နိုင်ပါပေ၏။ သူတော်ကောင်းတို့၏ တရားလမ်းစဉ်အတိုင်း အတုလိုက်၍ ကျင့်နိုင်ပါမူကား ဆိုဖွယ်ရာမရှိတော့ပြီ။ (စရိယာပိဋက)

မြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်တွေကို ဆင်ခြင်စဉ်းစား ရွတ်ဆိုပွားများသူမှာ နှစ်သက်ဝမ်းမြောက်ခြင်း ပီတိတရားတွေ တဖွားဖွားဖြစ်ပေါ်လာပါတယ်။ အဲဒီဂုဏ်တော်ပီတိဟာ ဇမ္ဗူဒိပ်တစ်ကျွန်းလုံးကိုအစိုးရတဲ့ စကြ၀တေးမင်းဖြစ်ရခြင်းထက် အဆပေါင်းများစွာ မနှိုင်းယှဉ်သာအောင် မြင့်မြတ်လှပါတယ်။
(သီလက္ခန္ဓ၀ဂ် အဋ္ဌကထာ၊၅၆)

ကဿပဘုရားရှင် လက်ထက်က သ၀ဏ်လွှာ
ဗုဒ္ဓေါ လောကေ သမုပ္ပန္နော၊
ဟိတာယ သဗ္ဗပါဏိနံ။
ဓမ္မော လောကေ သမုပ္ပန္နော၊
သုခါယ သဗ္ဗပါဏိနံ။
သံဃော လောကေ သမုပ္ပန္နော၊
ပုညက္ခေတံ အနုတ္တရံ။

ဘုရားရတနာဟာ သတ္တ၀ါအားလုံးရဲ့ ကောင်းကျိုးစီးပွားအတွက် လောကကြီးမှာ ပွင့်ထွန်းပေါ်ပေါက်လာခဲ့ပါပြီ။
တရားရတနာဟာ သတ္တ၀ါအားလုံးတို့
လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်သောချမ်းသာရဖို့အတွက် ပေါ်ပေါက်လာခဲ့ပါပြီ။
ကောင်းမှုမျိုးစေ့ကို စိုက်ပျိုးရာ အတုမရှိလယ်ယာမြေကောင်းသဖွယ်ဖြစ်တဲ့ သံဃာရတနာကိုလည်း ကြည်ညိုပါဦး။

ဧ၀ံ အစိန္တိယာ ဗုဒ္ဓါ၊ ဗုဒ္ဓဓမ္မာ အစိန္တိယာ။
အစိန္တိယေ ပသန္နာနံ၊ ၀ိပါကော ဟောတိ အစိန္တိယော။
မြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်တွေဟာ ကြံစည်လို့မကုန်နိုင်။ မကြံစည်နိုင်လောက်အောင် ကြီးကျယ်များပြားလှပါတယ်။ ဘုရားရှင်ဟောကြားတော်မူတဲ့ တရားတော်ရဲ့ဂုဏ်တော်တွေဟာလည်း မကြံစည်နိုင်လောက်အောင်ပါပဲ။
မကြံစည်နိုင်လောက်အောင် ကြီးကျယ်မြင့်မြတ်တဲ့အရာကို ကြည်ညိုဆည်းကပ်မြတ်နိုးသူအတွက် ကောင်းကျိုးချမ်းသာတွေဟာလည်း မကြံစည်နိုင်လောက်အောင်ပါပဲ။
(ဗုဒ္ဓအပဒါန် ပါဠိတော်)

ဘုရားရှင်တော် ပွင့်ထွန်းပေါ်၍
ဟောဖော်ညွှန်ကြား မြတ်တရားကြောင့်
လူတော်အများ စိတ်ကောင်းထားကာ
ဤကား ကုသိုလ်၊ အကုသိုလ်နှင့်
ထိုထိုဘုံဘဝ သိကြရ။ များလှကျေးဇူးတွေ။

လောကကျက်သရေ
နေမင်းသည် နေ့အခါ၌
ထွန်းလင်းတောက်ပစွာ တင့်တယ်ပါပေ၏။
လမင်းသည် ညခင်း၌
အေးမြရွှန်းလဲ့စွာ တင့်တယ်ပါပေ၏။
ရှင်ဘုရင်သည် မင်းဝတ်တန်ဆာပြည့်စုံစွာဆင်ယင်သောအခါ
ဝံ့ဝံ့ကြွားကြွား တင့်တယ်ပါပေ၏။
ရဟန္တာအရှင်မြတ်သည် ဈာန်သမာပတ်ဝင်စားသောအခါ
ကြီးမြင့်ခံထည် တင့်တယ်ပါပေ၏။
ဗုဒ္ဓဘုရားရှင်သာလျှင်
နေ့ရောညပါ အခါခပ်သိမ်း
ပါရမီတော်တန်ခိုးဖြင့် အံ့ချီးလောက်ဖွယ်
လောကအလယ် တင့်တယ်တော်မူပါပေ၏။

ဆန္ဒမွန်
မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊
စိတ်ကိုဖြူအောင်ထား” လို့
မြတ်စွာဘုရားရှင် မိန့်ကြားခဲ့ပါတယ်။
ကံသာလျှင်ကိုယ်ပိုင် ဥစ္စာရှိပါတယ်။
ကောင်းတဲ့ကံတွေကို ပြုလုပ်နိုင်ကြပါစေ။
စိတ်ထားကောင်းလေးနဲ့ စိတ်ကောင်းလေးထားနိုင်ကြပါစေ။
ကုသိုလ်ဖြစ်အောင် တွေးနိုင်ကြပါစေ။
ဘုရားရှင်အား သတိရခြင်းဖြင့်
စိတ်ထားလှပ၊ ဘ၀လှပကြပါစေ။
သံသရာဝဋ်ဆင်းရဲအတွင်းမှ ရုန်းထွက်လို့ လွတ်မြာက်နိုင်ကြပါစေ

အောင်သိဒ္ဓိ
အရှင်ဆန္ဒာဓိက(အောင်သိဒ္ဓိမင်းကျောင်း)်
ညွှန်း -
ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ) လိုတရနှလုံးသား၊ အနှိုင်းမဲ့ဘာဝနာ၊ နှလုံးသားမိတ္တူ၊ ဓမ္မာစရိယဦးဌေးလှိုင် - ခရီးဖော်
မေတ္တာရှင်ရွှေပြည်သာ - သရဏဂုံအစွမ်းအံ့မခန်း
ပရိတ်တော်အလင်္ကာများ - စိန်ရတနာဆရာတော်


မနောကြာဖြူ

ဂုဏ်တော်မေတ္တာ စိတ်ချမ်းသာ

ဂုဏ်တော်+မေတ္တာ စိတ်ချမ်းသာ စာဖတ်ပရိသတ်များအား ကိုယ်တွေ့နှင့်ယှဉ်၍ အကြံဉာဏ်တစ်ခု ပေးလိုပါသေးသည်။ မေတ္တာနှင့်လိုက်ဖက်မည့် ဘုရားဂုဏ်တော်ကို ရှေးဦးစွာ ပွားများစေလိုပါသည်။ ဘုရားဂုဏ်တော်ကို ပွားများပြီးမှဆက်၍ မေတ္တာဘာဝနာပွားစေလိုပါသည်။ ဤသို့ ဘုရားဂုဏ်တော်ပွားများပြီးမှ မေတ္တာဘာဝနာပွားများလျှင် အကြည်ဓာတ်များ လျှင်မြန်စွာရ၍ အချိန်ကာလမကြာမြင့်မီမှာပင် စိတ်ချမ်းသာ ကိုယ်ချမ်းသာမှုကို မုချရပါလိမ့်မည်။ ကိုယ်အမူအရာ၊ နှုတ်အမူအရာများ မယုံကြည်ဖွယ် လျင်မြန်စွာ ပြောင်းလဲလာပြီး တွေ့ကြုံဆက်ဆံ ပေါင်းသင်းရသောသူများက ချစ်ခင်လာမည်။ အကူအညီပေးလာမည်။ ဆန့်ကျင်ဘက် အတိုက်အခံမလုပ်ဘဲ ငြိမ်းချမ်းရေးရလာမည်။ အတိုက်အခံလုပ်ခြင်းထက် တူညီလက်တွဲ ဆောင်ရွက်ချင်လာမည်။ တစ်ခုသတိပြုသင့်သည်က မိမိပို့လွှတ်သော မေတ္တာသည် စစ်မှန်သော မေတ္တာပို့နည်း၊ သူတစ်ပါးအကျိုးစီးပွားကို အမှန်တကယ်လိုလားသော စိတ်စေတနာမှန်များ ရှိဖို့တော့လိုပါသည်။ မေတ္တာပို့ပုံနည်းလမ်းမကျ၊ မေတ္တာစစ်၊ မေတ္တာမှန်မဟုတ်ပါက အကျိုးပေးမှု ထိရောက်မည်မဟုတ်ပေ။ (ဗန်းမော်ဆရာတော်ကြီး ဒေါက်တာကုမာရာဘိဝံသ) ( ဝေမိုး(ကျွန်းလှ)၏ မေတ္တာစကား စာအုပ်မှ ) အတုမရှိသော မေတ္တာကရုဏာတော်နှင့် ပြည့်စုံတော်မူသော မြတ်ဗုဒ္ဓ ။ ဘေးရန်ခပ်သိမ်း ငြိမ်းတော်မူသော မြတ်ဗုဒ္ဓ ။ သတ္တ၀ါအားလုံးတို့ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။ လောဘခပ်သိမ်း ငြိမ်းတော်မူသော မြတ်ဗုဒ္ဓ ။ သတ္တ၀ါအားလုံးတို့ လောဘခပ်သိမ်း ငြိမ်းကြပါစေ။ ဒေါသသိမ်း ငြိမ်းတော်မူသော မြတ်ဗုဒ္ဓ ။ သတ္တ၀ါအားလုံးတို့ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။ မောဟခပ်သိမ်း ငြိမ်းတော်မူသော မြတ်ဗုဒ္ဓ ။ သတ္တ၀ါအားလုံးတို့ မောဟခပ်သိမ်း ငြိမ်းကြပါစေ။ ဂုဏ်တော်ပွားရကျိုး စေတီအတူ ၁ ၊ စိတ်မူတည်ကြည် ၂ ၊ ရောက်မည်နတ်ရွာ ၃ ၊ သစ္စာသိလွယ် ၄ ၊ မြတ်နွယ်အမျိုး ၅ ၊ ရိုကျိုးခံရ ၆ ၊ ပြည့်ဝအင်္ဂါ ၇ ၊ ဆင်းလှစွာနှင့် ၈ ၊ ကာယာ ၉ ခံတွင်း ၁၀ ကြိုင်သင်းမွှေးကြူ၊ ကြီးမူ ၁၁ ပညာ ၊ နက်စွာ ၁၂ ထက် ၁၃ ရွှင် ၁၄ လျင်မြန် ၁၅ ဆန်းကြယ် ၁၆ ကောင်းကြွယ်စကား ဆိုနိုင်ငြားသည် ၁၇ ဘုရားရှိခိုးရကျိုး ဆယ့်ခုနှစ်မျိုးတည်း။ ချမ်းသာအိပ်စက်၊ ချမ်းသာလျက်နိုး၊ အိပ်မက်ဆိုးကင်း၊ စောင့်ခြင်းနတ်များ၊ လူသားလည်းချစ်၊ နတ်လည်းချစ်လျက်၊ လက်နက်ဆိပ်မီး ပြီးသည့်တစ်ဖြာ၊ မျက်နှာရွှင်ကြည်၊ တည်ကြည်နှလုံး၊ သေဆုံးမတွေ၊ သေလျှင်ဗြဟ္မာ၊ ဖြစ်တတ်စွာသည်၊ မေတ္တာအကျိုး ဆယ့်တစ်မျိုး။ ။ အင်္ဂုတ္တရ၊ ဧကာဒသကနိပါတ်၊ မေတ္တသုတ် (ရွှေဟင်္သာစံကျောင်း ဆရာတော်ကြီး) စိတ်အပူအလောင် ကင်းစင်တော်မူသော မြတ်ဗုဒ္ဓ ။ သူတပါးကိုလည်း စိတ်အပူအလောင်ကင်းစင်အောင် ဆောင်ရွက်တော်မူသော မြတ်ဗုဒ္ဓ ။ သတ္တ၀ါအားလုံး စိတ်ပူခြင်း ကင်းကြပါစေ။ စိတ်အညစ်အကြေး ကင်းစင်တော်မူသော မြတ်ဗုဒ္ဓ ။ သူတပါးကိုလည်း စိတ်အပူအလောင်ကင်းစင်အောင် ဆောင်ရွက်တော်မူသော မြတ်ဗုဒ္ဓ ။ သတ္တ၀ါအားလုံး စိတ်ညစ်ခြင်း ကင်းကြပါစေ။ စိတ်အရှုပ်အထွေး ကင်းစင်တော်မူသော မြတ်ဗုဒ္ဓ ။ သူတပါးကိုလည်း စိတ်အရှုပ်အထွေးကင်းစင်အောင် ဆောင်ရွက်တော်မူသော မြတ်ဗုဒ္ဓ ။ သတ္တ၀ါအားလုံး စိတ်ရှုပ်ခြင်း ကင်းကြပါစေ။ စိတ်အေးချမ်းတည်ကြည်တော်မူသော မြတ်ဗုဒ္ဓ ။ သူတပါးကိုလည်း စိတ်အေးချမ်းတည်ကြည်အောင် ဆောင်ရွက်တော်မူသော မြတ်ဗုဒ္ဓ ။ သတ္တ၀ါအားလုံး စိတ်အေးချမ်းတည်ကြည်ကြပါစေ။ စိတ်ကြည်လင်သန့်ရှင်းတော်မူသော မြတ်ဗုဒ္ဓ ။ သူတပါးကိုလည်း စိတ်ကြည်လင်သန့်ရှင်းအောင် ဆောင်ရွက်တော်မူသော မြတ်ဗုဒ္ဓ ။ သတ္တ၀ါအားလုံး စိတ်ကြည်လင်သန့်ရှင်းကြပါစေ။ စိတ်ရွှင်လန်းချမ်းသာတော်မူသော မြတ်ဗုဒ္ဓ ။ သူတပါးကိုလည်း စိတ်ရွှင်လန်းချမ်းသာအောင် ဆောင်ရွက်တော်မူသော မြတ်ဗုဒ္ဓ ။ သတ္တ၀ါအားလုံး စိတ်ရွှင်လန်းချမ်းသာကြပါစေ။ အတုမရှိသော မေတ္တာ၊ ကရုဏာတော်နှင့် ပြည့်စုံတော်မူသော မြတ်ဗုဒ္ဓ ။ မြတ်ဗုဒ္ဓ၏ အတုမရှိသော မေတ္တာ၊ ကရုဏာဓါတ်တော်များသည် တပည့်တော်၏ နှလုံးသားထဲသို့ ပျံ့နှံ့စိမ့်ဝင်တော်မူကြပါ။ စိတ်အစဉ်တွင် လောဘ၀င်က၊ ၀င်လာလောဘ ထွက်ပြေးရအောင်- လောဘကင်းစင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏။ စိတ်အစဉ်တွင် ဒေါသ၀င်က၊ ၀င်လာဒေါသ ထွက်ပြေးရအောင်- ဒေါသကင်းစင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏။ စိတ်အစဉ်တွင် မောဟ၀င်က၊ ၀င်လာမောဟ ထွက်ပြေးရအောင်- မောဟကင်းစင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏။ မေတ္တာစိတ်ဓာတ်၊ လွန်မြင့်မြတ်၊ လူနတ်အချစ်ဆုံး။ မေတ္တာရနံ့၊ ကြိုင်လှိုင်နှံ့၊ သင်းပျံ့နယ်မဆုံး။ မေတ္တာပန်းခိုင်၊ ကိုယ်စီကိုင်၊ ဖက်ပြိုင်သူတို့ရှုံး။ တစ်ဦးမေတ္တာ၊ တစ်ဦးမှာ၊ ရှည်ကြာရွံမမုန်း။ တရားပျောက်ကွယ်၊ မေတ္တာပြယ်၊ ကြီးငယ်အများမုန်း။ မေတ္တာနတ်ပန်း၊ ပန်ဆင်မြန်း၊ရွှင်လန်းစိတ်နှလုံး။ (စံကင်းဆရာတော်ကြီး) ဗုဒ္ဓမြတ်စွာလောင်းလျာတုန်းက- နောက်ဆုံးအထိပါရမီ လူနတ်များစွာ ချမ်းသာရေးမို့ အသက်ပေးလို့ ဖြည့်ခဲ့သည် - ဗုဒ္ဓမြတ်စွာသာသနာတွက်မို့ ငါပါ အသက်ဆုံးစေမည် - နောက်မဆုတ်ပေါင် ခုလိုတွေးလို့ ကုသိုလ်ရေးမို့ ကြိုးစားမည် - (မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး) မေတ္တာပို့သရာမှာ ပါးစပ်ကသာ သတ္တ၀ါတွေ ကျန်းမာချမ်းသာကြပါစေလို့ဆိုပြီး တကယ်တမ်း ဒုက္ခရောက်နေတဲ့ သတ္တ၀ါတို့ကို တွေ့ကြုံတဲ့အခါမှာတော့ အဲဒီဒုက္ခက လွတ်ရာလွတ်ကြောင်း ဘာမျှ ကူညီဆောင်ရွက်ပေးခြင်း မရှိဘူးဆိုရင် ဒီပုဂ္ဂိုလ်မျိုးရဲ့ ပါးစပ်ကရွတ်တဲ့ မေတ္တာပို့ဟာ အမှန်တကယ်ဖြောင့်မတ်တဲ့ မေတ္တာလို့ မဆိုနိုင်ပါဘူး။ အဲဒီလိုမဖြစ်အောင် ဖြောင့်မတ်တဲ့ မေတ္တာရှိရမှာပါ။ (သာမညတောင်ဆရာတော်ကြီး) တကယ်မေတ္တာစစ်မှန်သွားရင် - ကိုယ့်အတွက် ဘာအကောင်းဆုံးလဲလို့ တွေးမှာ မဟုတ်တော့ဘူး။ သူ့အတွက် ဘာအကောင်းဆုံးဖြစ်မလဲ ဆိုတာကိုတွေးပြီး အဲဒါကိုလိုလားတယ်။ မေတ္တာဆိုတာ သူတစ်ပါးအတွက် အာဟာရဖြစ်သလို ကိုယ့်အတွက်လည်း အာဟာရ ဖြစ်ပါတယ်။ ဦးဇောတိက(မဟာမြိုင်တောရ) ယောနိသော မနသိကာရဆိုတဲ့ စိတ်ထားကောင်းလေးနဲ့သာ စိတ်ကောင်းထားနိုင်မယ်ဆိုရင် ဘယ်အာရုံနဲ့ဆုံဆုံ၊ ဘယ်အဖြစ်အပျက်နဲ့ကြုံကြုံ စိတ်လည်း ချမ်းသာပါတယ်။ ကုသိုလ်တရားလည်း တိုးပွားပါတယ်။ အလုပ်တိုင်းမှာ အနှစ်ပါဖို့ မေတ္တာဟာလည်း မရှိမဖြစ်ပါ။ ဘာအလုပ်ပဲလုပ်လုပ် မေတ္တာထုံမွှမ်းပြီးလုပ်ရင် လုပ်သမျှ ကုသိုလ်တွေချည်းပါပဲ။ (ရွှေပါရမီဆရာတော် အရှင်ဆန္ဒာဓိက) တစ်လောကလုံးရဲ့ အနှိုင်းမဲ့ကျေးဇူးရှင်ဖြစ်တဲ့မြတ်စွာဘုရားရှင်က ဗုဒ္ဓါနုဿတိဘာဝနာဟာ အနှိုင်းမဲ့ဘာဝနာဖြစ်ပါတယ်လို့ “ဘာဝေဟိ ဗုဒ္ဓါနုဿတိံ ၊ ဘာဝနာနမနုတ္တရံ” ဆိုတဲ့ စကားတော်နဲ့ ဟောကြားညွှန်ပြထားတာမို့ လူသားတိုင်း၊ လူသားတိုင်း ဗုဒ္ဓါနုဿတိဘာဝနာဆိုတဲ့ အနှိုင်းမဲ့ဘာဝနာကို သီးခြားဘုရားရှေ့မှာ ထိုင်ရင်းနဲ့ပဲဖြစ်ဖြစ်၊ သွားရင်း၊လာရင်း၊ လုပ်ရင်းကိုင်ရင်း၊ ပြောရင်းဆိုရင်း၊ စားရင်းစွန့်းရင်းနဲ့ပဲဖြစ်ဖြစ် အမြဲမပြတ် ပွားများအားထုတ်နိုင်ကြပါစေ။ (ရွှေပါရမီဆရာတော် အရှင်ဆန္ဒာဓိက) လူ့ဘုံ၊ နတ်ဘုံ၊ နဂါးဘုံမှာ ရတနာကား အစားစား၊ များပြားလှပါပေ။ တန်ခိုးတေဇာ ဝေဖြာတောက်ကြွား၊ မြတ်ဘုရားနှင့် မခြားတူမျှရတနာက လုံးဝမရှိပါပေ။ သစ္စာဤစကား စွမ်းပကားကြောင့်၊ များပြားလှစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် ပြည့်ပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း မင်္ဂလာအပေါင်း ခညောင်းကြပါစေ။ မေတ္တာကရုဏာကြီးမား မြတ်ဘုရားသည်၊ အများဝေနေ၊ ချမ်းသာစေဖို့၊ သုံးထွေဆယ်လီ၊ ပါရမီတရား ကျင့်ကြံပွား၊ ဘုရားဖြစ်ခဲ့ပေ။ သစ္စာဤစကား စွမ်းပကားကြောင့်၊ များပြားလှစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် ပြည့်ပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း မင်္ဂလာအပေါင်း ခညောင်းကြပါစေ။ (ပရိတ်တော်အလင်္ကာ - စိန်ရတနာဆရာတော်ကြီး) တစ်ကမ္ဘာလုံးမှာ(တစ်လောကလုံးမှာ) များသတ္တာ ချမ်းသာရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။ တစ်လောကလုံးမှာ များသတ္တာ လွတ်မြောက်ရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။ တစ်လောကလုံးမှာ များသတ္တာ အေးငြိမ်းရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။ ကိုးကွယ်ရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။ တဏှာကုန်ရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။ သေခြင်းကင်းရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။ ဘေးရန်ကင်းရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။ ၀ဋ်ကင်းရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။ အပြစ်ကင်းရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။ အပျက်ကင်းရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။ အတုမရှိရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။ (ဟင်္သတမြို့ နဝဓုတင်္ဂါစာရဆရာတော်ကြီး) တစ်နေ့သုံးခါ၊ အိုးတစ်ရာဖြင့်၊ ချက်ကာထမင်း၊ လှူဒါန်းခြင်းထက်၊ မယွင်းစင်စစ်၊ နို့တစ်ညှစ်စာ၊ ကြိမ်သုံးခါဖြင့်၊ မေတ္တာပွားများ၊ ကျိုးကြီးမားသည်၊ ဘုရားမြတ်စွာ မိန့်ခွန်းတည်း။ နိဒါန၀ဂ္ဂသံယုတ်၊ သြက္ခာသုတ် (မဟာစည်ဆရာတော်ကြီး) *သန့်စင်မြင့်မြတ်တဲ့တဲ့ မေတ္တာဓာတ်တွေ ကူးစက်လာဖို့ ဘုရားဂုဏ်တော်ပွားကြစို့။ မေတ္တာကျယ်ပြန့် ဘုရားမြတ်၊ ဆည်းကပ်သူလည်း ရွှင်လန်းတာ။ မေတ္တာသခင် ဘုရားရှင်၊ ဦးတင်သူလည်း အပူကွာ။ မေတ္တာကြီးမား မြတ်ဘုရား၊ လေးစားသူလည်း မေတ္တာလာ။ မေတ္တာစွမ်းအား မြတ်ဘုရား၊ ပွားများသူလည်း မေတ္တာဖြာ။ မေတ္တာကြီးကျယ် အံ့သြဖွယ်၊ ကိုးကွယ်သူလည်း အေးချမ်းပါ။ ဂုဏ်တော်+မေတ္တာ စိတ်ချမ်းသာ၊ နိဗ္ဗာန်လမ်းမှာပါ။ အောင်သိဒ္ဓိ အရှင်ဆန္ဒာဓိက(အောင်သိဒ္ဓိမင်းကျောင်း)်
မနောကြာဖြူ