Sunday, February 12, 2017

ဗုဒ္ဓစကားတော်

လိုက်နာကျင့်သုံးစရာ မြတ်ဗုဒ္ဓစကားတော် ၁၀၀

၁။ကောင်းမှုရွှေအိုးက ကောင်းကျိုးမျိုးစုံ ပေးနိုင်သည်။ (စာပိုဒ် ၈)(ခုဒ္ဒက၊မြန်။၉။)(ခုဒ္ဒက၊၁၀။)

၂။စိတ်ထားမကောင်းသူ၏ နောက်သို့ ဆင်းရဲက အမြဲ လိုက်သည်။ (စာပိုဒ် ၁)(ဓမ္မပဒ၊မြန်။၁၃။)(ဓမ္မပဒ၊၁၃။)

၃။စိတ်ထားကောင်းသူ၏ နောက်သို့ ချမ်းသာက အမြဲလိုက်သည်။ (စာပိုဒ် ၂)(ဓမ္မပဒ၊မြန်။၁၃။)(ဓမ္မပဒ၊၁၃။)

၎။ရန်ငြိုးဖွဲ့လျှင် ရန်မငြိမ်းအေး။ (စာပိုဒ် ၃)(ဓမ္မပဒ၊မြန်။၁၃။)(ဓမ္မပဒ၊၁၃။)
၅။ရန်ငြိုးမဖွဲ့မှ ရန်ငြိမ်းအေးသည်။ (စာပိုဒ် ၄)(ဓမ္မပဒ၊မြန်။၁၃။)(ဓမ္မပဒ၊၁၃။)

၆။ရန်တုံ့မူလျှင် ရန်မငြိမ်းအေး။ရန်တုံ့မမူမှ ရန်ငြိမ်းအေးသည်။ (စာပိုဒ် ၅)(ဓမ္မပဒ၊မြန်။၁၄။)(ဓမ္မပဒ၊၁၄။)

၇။သေရအုံးမည်သိမှ ရန်ငြိမ်းအေးသည်။ (စာပိုဒ် ၆)(ဓမ္မပဒ၊မြန်။၁၄။)(ဓမ္မပဒ၊၁၄။)

၈။ အနှစ်ကို ရနိုင်သူနှင့် မရနိုင်သူ။(အနှစ်ရှိသည်ကို အနှစ်မရှိဘူး-ဟု ထင်၍ အနှစ်မရှိသည်ကို အနှစ်ရှိသည်-ဟု ထင်သောသူသည် အနှစ်ကို မရနိုင်သူ ဖြစ်သည်။အနှစ်ရှိသည်ကို အနှစ်ရှိမှန်း သိ၍ အနှစ်မရှိသည်ကို အနှစ်မရှိမှန်း သိသောသူသည် အနှစ်ကို ရနိုင်သူ ဖြစ်သည်။) (စာပိုဒ် ၁၁)(ဓမ္မပဒ၊မြန်။၁၄။)(ဓမ္မပဒ၊၁၄။)

၉။အိမ်အိုနှင့် တူသူ။ (အိမ်အိုက မိုးယိုသည်။ဘာဝနာ မပွားက ကိလေသာမိုးယိုသည်။ဘာဝနာမပွားသူသည် အိမ်အိုနှင့် တူသူ ဖြစ်သည်။) (စာပိုဒ် ၁၃)(ဓမ္မပဒ၊မြန်။၁၅။)(ဓမ္မပဒ၊၁၄။)

၁၀။အိမ်ကောင်းနှင့် တူသူ။ (အိမ်ကောင်းက မိုးမယို။ဘာဝနာ ပွားက ကိလေသာမိုးမယို။ဘာဝနာပွားသူသည် အိမ်ကောင်းနှင့် တူသူ ဖြစ်သည်။) (စာပိုဒ် ၁၄)(ဓမ္မပဒ၊မြန်။၁၅။)(ဓမ္မပဒ၊၁၅။)

၁၁။ နွားကျောင်းသားနှင့် တူသူ။(စာတွေ အများကြီး တတ်ပြီး မကျင့်သူသည် သူများနွားကို အငှားကျောင်းပေးသော နွားကျောင်းသားနှင့် တူသည်။ကျောင်းခသာ ရ၍ နွား၏ အကျိုးကျေးဇူးကို မခံစားရ။) (စာပိုဒ် ၁၉)(ဓမ္မပဒ၊မြန်။၁၅။)(ဓမ္မပဒ၊၁၅။)

၁၂။စာမတတ်သော်လည်း တရားအားထုတ်က မဂ်ဖိုလ်ရနိုင်သည်။ (စာပိုဒ်၂၀)(ဓမ္မပဒ၊မြန်။၁၅။)(ဓမ္မပဒ၊၁၆။)

၁၃။ မေ့လျော့သူတို့သည် သူသေနှင့် တူသည်။ (စာပိုဒ် ၂၁)(ဓမ္မပဒ၊မြန်။၁၆။)(ဓမ္မပဒ၊၁၆။)

၁၄။မမေ့မလျော့သော ပညာရှိတို့သည် နိဗ္ဗာန်ရောက်ကြသည်။ (စာပိုဒ် ၂၂)(ဓမ္မပဒ၊မြန်။၁၆။)(ဓမ္မပဒ၊၁၆။)

၁၅။ပညာရှိသည်ကား မမေ့လျော့ခြင်းကို အမြတ်ဆုံး ဥစ္စာကဲ့သို့ စောင့်ရှောက်သည်။(စာပိုဒ်၂၆)(ဓမ္မပဒ၊မြန်။၁၆။)(ဓမ္မပဒ၊၁၇။)

၁၆။ပညာရှိသည် မေ့လျော့မှုကို မမေ့လျော့မှုဖြင့် ပယ်ဖျောက်သည်။ (စာပိုဒ်၂၈)(ဓမ္မပဒ၊မြန်။၁၇။)(ဓမ္မပဒ၊၁၇။)

၁၇။ မမေ့မလျော့သူသည် လျင်မြန်သော မြင်းနှင့် တူသည်။မေ့လျော့နေသူတို့ကို ကျော်သွားနိုင်သည်။ (စာပိုဒ် ၂၉)(ဓမ္မပဒ၊မြန်။၁၇။)(ဓမ္မပဒ၊၁၇။)

၁၈။မမေ့လျော့သူသည် သံယောဇဉ်ကို ရှို့မြိုက်ကာ နိဗ္ဗာန်သို့ သွားသည်။ (စာပိုဒ် ၃၁)(ဓမ္မပဒ၊မြန်။၁၇။)(ဓမ္မပဒ၊၁၇။)

၁၉။မမေ့လျော့လေ နိဗ္ဗာန်နှင့် နီးလေ။ (စာပိုဒ် ၃၁)(ဓမ္မပဒ၊မြန်။၁၇။)(ဓမ္မပဒ၊၁၇။)

၂၀။ လေးသမားသည် မြှားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိသည် စိတ်ကို ဖြောင့်အောင် ပြုသည်။ (စာပိုဒ် ၃၃)(ဓမ္မပဒ၊မြန်။၁၇။)(ဓမ္မပဒ၊၁၈။)

၂၁။စိတ်ကို ဆုံးမ ချမ်းသာရ။ (စာပိုဒ် ၃၅)(ဓမ္မပဒ၊မြန်။၁၈။)(ဓမ္မပဒ၊၁၈။)

၂၂။စိတ်ကို စောင့်ရှောက်မှ ချမ်းသာရ။ (စာပိုဒ် ၃၆)(ဓမ္မပဒ၊မြန်။၁၈။)(ဓမ္မပဒ၊၁၈။)

၂၃။ကိုယ်ခန္ဓာမှာ အိုးပမာ။ (စာပိုဒ် ၄၀)(ဓမ္မပဒ၊မြန်။၁၈။)(ဓမ္မပဒ၊၁၈။)

၂၄။ကိုယ်ခန္ဓာမှာ ထင်းတုံးပမာ။ (စာပိုဒ် ၄၁) (ဓမ္မပဒ၊မြန်။၁၈။)(ဓမ္မပဒ၊၁၉။)

၂၅။ ညံ့သော စိတ်ဓာတ်က ရန်သူထက် ဒုက္ခပေးသည်။ (စာပိုဒ် ၄၂)(ဓမ္မပဒ၊မြန်။၁၉။)(ဓမ္မပဒ၊၁၉။)

၂၆။ကောင်းသော စိတ်ဓာတ်က ဆွေမျိုးထက် ကျေးဇူးပြုသည်။ (စာပိုဒ် ၄၃)(ဓမ္မပဒ၊မြန်။၁၉။)(ဓမ္မပဒ၊၁၉။)

၂၇။ ကိုယ်ခန္ဓာသည် ရေမြှုပ်, တံလျှပ်တို့နှင့် တူသည်။ (စာပိုဒ် ၄၆)(ဓမ္မပဒ၊မြန်။၁၉။)(ဓမ္မပဒ၊၂၀။)

၂၈။ပန်းခူးသူကဲ့သို့ ကာမဂုဏ်ကို တွယ်တာနေသူကို သေမင်းက လွှမ်းမိုးသွားသည်။ ရွာကို လွှမ်းမိုးသွားသော ရေကြီးပမာ ဖြစ်သည်။ (စာပိုဒ် ၄၇)(ဓမ္မပဒ၊မြန်။၁၉။)(ဓမ္မပဒ၊၂၀။)

၂၉။ ပန်းခူးသကဲ့သို့ ကာမဂုဏ်ဆွတ်ခူးနေသူကို သေမင်းက အနိုင်ကျင့်နိုင်သည်။ (စာပိုဒ် ၄၈)(ဓမ္မပဒ၊မြန်။၂၀။)(ဓမ္မပဒ၊၂၀။)

၃၀။ပျားပိတုန်းသည် ပန်းကို အလှမပျက်စေဘဲ ပန်းဝတ်ရည်ကို စုပ်ယူသကဲ့သို့ ရဟန်းသည် ဒကာ ဒကာမတို့၏ သဒ္ဓါတရားကို မပျက်စေသော အလှူခံပုဂ္ဂိုလ် ဖြစ်သင့်သည်။ (စာပိုဒ် ၄၉)(ဓမ္မပဒ၊မြန်။၂၀။)(ဓမ္မပဒ၊၂၀။)

၃၁။ တရားကို နာရုံသာ နာ၍ မကျင့်သော သူသည် အဆင်းလှ၍ အနံ့မမွှေးသော ပန်းနှင့် တူသည်။ တရားကို နာလည်း နာ၊ ကျင့်လည်း ကျင့်သော သူသည် အဆင်းလည်း လှ၍ အနံ့လည်း မွှေးသော ပန်းနှင့် တူသည်။ (စာပိုဒ် ၅၁)(ဓမ္မပဒ၊မြန်။၂၀။)(ဓမ္မပဒ၊၂၀။)

၃၂။ သူတော်ကောင်းတို့၏ ဂုဏ်သတင်းသည် ပန်းနံ့ထက် ပို၍ မွှေးသည်။(စာပိုဒ် ၅၄)(ဓမ္မပဒ၊မြန်။၂၀။)(ဓမ္မပဒ၊၂၁။)

၃၃။ သီလရနံ့သည် ပန်းနံ့ထက် သာ၍ မွှေးသည်။(စာပိုဒ် ၅၅)(ဓမ္မပဒ၊မြန်။၂၁။)(ဓမ္မပဒ၊၂၁။)

၃၄။လူမိုက်ပညာရှိနှင့် လူမိုက် လူမိုက်။(ကိုယ် မိုက်လို့ မိုက်မှန်း သိသူသည် လူမိုက်ပညာရှိ ဖြစ်သည်။ ကိုယ် မိုက်လို့ မိုက်မှန်း မသိသူသည် လူမိုက် လူမိုက် ဖြစ်သည်။) (စာပိုဒ် ၆၃)(ဓမ္မပဒ၊မြန်။၂၂။)(ဓမ္မပဒ၊၂၂။)

၃၅လူမိုက်သည် ယောက်မနှင့် တူသည်။(ယောက်မသည် ဟင်းအိုးထဲ နေသော်လည်း ဟင်း၏ အရသာကို မသိ။လူမိုက်သည် ပညာရှိကို တစ်သက်လုံး ဆည်းကပ်သော်လည်း တရားကို မသိ။)(စာပိုဒ် ၆၄)(ဓမ္မပဒ၊မြန်။၂၂။)(ဓမ္မပဒ၊၂၂။)

၃၆။ပညာရှိသည် လျှာနှင့် တူသည်။(လျှာသည် ဟင်း၏ အရသာကို လျှာပေါ် တင်လိုက်ရုံနှင့် သိသည်။ပင်ကိုပညာရှိသူသည် ပညာရှိကို တစ်ခဏမျှ ဆည်းကပ်ရုံနှင့် တရားကို သိသည်။)
(စာပိုဒ် ၆၅)(ဓမ္မပဒ၊မြန်။၂၂။)(ဓမ္မပဒ၊၂၂။)

၃၇။လူမိုက်များသည် ကိုယ်တိုင်က ကိုယ့်ရန်သူ ဖြစ်နေကြသည်။ (စာပိုဒ် ၆၆)(ဓမ္မပဒ၊မြန်။၂၂။)(ဓမ္မပဒ၊၂၂။)

၃၈။ လူမိုက်သည် အကျိုးမပေးသေးသော မကောင်းမှုကို ပျားသကာကဲ့သို့ ထင်သည်။ (စာပိုဒ် ၆၉)(ဓမ္မပဒ၊မြန်။၂၂။)(ဓမ္မပဒ၊၂၃။)

၃၉။ လာဘ်နှင့် နိဗ္ဗာန်မှာ ပြဒါးတစ်လမ်း သံတစ်လမ်း။ (စာပိုဒ် ၇၅)(ဓမ္မပဒ၊မြန်။၂၃။)(ဓမ္မပဒ၊၂၄။)

၄၀။ အပြစ်ထောက်ပြ၍ ဆုံးမသူသည် ရွှေအိုးကို ညွှန်ပြသူနှင့် တူသည်။ (စာပိုဒ် ၇၆)(ဓမ္မပဒ၊မြန်။၂၃။)(ဓမ္မပဒ၊၂၄။)

၄၁။တရားပီတိရှိသူသည် ချမ်းသာစွာ နေထိုင်ရသည်။(ဓမ္မပဒ၊မြန်။၂၄။)(ဓမ္မပဒ၊၂၄။)

၄၂။ပညာရှိတို့သည် မိမိကိုယ်ကို ဆုံးမကြသည်။ (စာပိုဒ် ၈၀)(ဓမ္မပဒ၊မြန်။၂၄။)(ဓမ္မပဒ၊၂၅။)

၄၃။ပညာရှိတို့သည် ချီးမွမ်းခံရခြင်း ကဲ့ရဲ့ခံရခြင်းတို့ကြောင့် မတုန်လှုပ်ကြ။ (စာပိုဒ် ၈၁)(ဓမ္မပဒ၊မြန်။၂၄။)(ဓမ္မပဒ၊၂၅။)

၄၄။ ပညာရှိတို့သည် မြတ်စွာဘုရား ဟောကြားအပ်သော တရားတို့ကို ကြားနာရ၍ အထူးကြည်လင်ကြသည်။ (စာပိုဒ် ၈၂)(ဓမ္မပဒ၊မြန်။၂၄။)(ဓမ္မပဒ၊၂၅။)

၄၅။ ပညာရှိတို့သည် ချမ်းသာဆင်းရဲနှင့် တွေ့စေကာမူ ဝမ်းမြောက်ခြင်း၊နှလုံးမသာခြင်း သဘောကို မဖော်ပြကြ။ (စာပိုဒ် ၈၃)(ဓမ္မပဒ၊မြန်။၂၄။)(ဓမ္မပဒ၊၂၅။)

၄၆။ ရွာဖြစ်စေ၊တောဖြစ်စေ ရဟန္တာပုဂ္ဂိုလ်တို့နေရာသည် မွေ့လျော်ဖွယ် ကောင်းသည်။ (စာပိုဒ် ၉၈)(ဓမ္မပဒ၊မြန်။၂၆။)(ဓမ္မပဒ၊၂၇။)

၄၇။ အကျိုးမဲ့စကား အခွန်းတစ်ထောင်ထက် အကျိုးရှိသော စကားတစ်ခွန်းက မြတ်သည်။ (စာပိုဒ် ၁၀၀)(ဓမ္မပဒ၊မြန်။၂၇။)(ဓမ္မပဒ၊၂၈။)

၄၈။အကျိုးမဲ့ဂါထာ ၁၀၀၀ ထက် ရာဂငြိမ်းကြောင်း တစ်ဂါထာက မြတ်သည်။ (စာပိုဒ် ၁၀၁)(ဓမ္မပဒ၊မြန်။၂၇။)(ဓမ္မပဒ၊၂၈။)

၄၉။အကျိုးမဲ့ဂါထာ တစ်ထောင်ထက် ရာဂငြိမ်းကြောင်း တရားတစ်ပုဒ်က မြတ်သည်။ (စာပိုဒ် ၁၀၂) (ဓမ္မပဒ၊မြန်။၂၇။)(ဓမ္မပဒ၊၂၈။)

၅၀။စစ်ပွဲအကြိမ် တစ်သန်း အောင်နိုင်သူထက် ကိုယ်တွင်း ကိလေသာကို တစ်ကြိမ်မျှ အောင်နိုင်သူက မြတ်သည်။ (စာပိုဒ် ၁၀၃)(ဓမ္မပဒ၊မြန်။၂၇။)(ဓမ္မပဒ၊၂၈။)

၅၁။မိမိကိုယ်ကို အောင်နိုင်ခြင်းကို မည်သည်ကမျှ မဖျက်ဆီးနိုင်။ (စာပိုဒ် ၁၀၄-၁၀၅)(ဓမ္မပဒ၊မြန်။၂၇။)(ဓမ္မပဒ၊၂၈။)

၅၂။သီလမရှိဘဲ အနှစ်တစ်ရာ နေရတာထက် သီလရှိပြီး တစ်ရက်မျှ နေရတာက မြတ်သည်။ (စာပိုဒ် ၁၁၀)(ဓမ္မပဒ၊မြန်။၂၈။)(ဓမ္မပဒ၊၂၉။)

၅၃။ပညာမရှိဘဲ အနှစ်တစ်ရာ နေရတာထက် ပညာရှိပြီး တစ်ရက်မျှ နေရတာက မြတ်သည်။ (စာပိုဒ် ၁၁၁)(ဓမ္မပဒ၊မြန်။၂၈။)(ဓမ္မပဒ၊၂၉။)

၅၄။ဝီရိယမရှိဘဲ အနှစ်တစ်ရာ နေရတာထက် ဝီရိယရှိပြီး တစ်ရက်မျှ နေရတာက မြတ်သည်။ (စာပိုဒ် ၁၁၂)(ဓမ္မပဒ၊မြန်။၂၉။(ဓမ္မပဒ၊၂၉။)

၅၅။အဖြစ်အပျက်ကို မရှုမမြင်ဘဲ အနှစ်တစ်ရာ နေရတာထက် အဖြစ်အပျက် ရှုမြင်ပြီး တစ်ရက်မျှ နေရတာက မြတ်သည်။ (စာပိုဒ် ၁၁၃)(ဓမ္မပဒ၊မြန်။၂၉။)(ဓမ္မပဒ၊၃၀။)

၅၆။နိဗ္ဗာန်ကို မမြင်ဘဲ အနှစ်တရာ နေရတာထက် နိဗ္ဗာန်ကို မြင်ပြီး တစ်ရက်မျှ နေရတာက မြတ်သည်။ (စာပိုဒ် ၁၁၄)(ဓမ္မပဒ၊မြန်။၂၉။)(ဓမ္မပဒ၊၃၀။)

၅၇။မြတ်သော လောကုတ္တရာတရားကို မမြင်ဘဲ အနှစ်တရာ နေရတာထက် မြတ်သော လောကုတ္တရာတရားကို မြင်ပြီး တစ်ရက်မျှ နေရတာက မြတ်သည်။ (စာပိုဒ် ၁၁၅)(ဓမ္မပဒ၊မြန်။၂၉။)(ဓမ္မပဒ၊၃၀။)

၅၈။ ကုသိုလ်ကောင်းမှုတို့ကို လျင်မြန်ဆောစွာ ပြုလုပ်သင့်သည်။ဖြည်းဖြည်း မပြုလုပ်သင့်။စိတ်သည် မကောင်းမှု၌ မွေ့လျော်တတ်သည်။(စာပိုဒ် ၁၁၆)(ဓမ္မပဒ၊မြန်။၂၉။)(ဓမ္မပဒ၊၃၀။)

၅၉။ မကောင်းမှုကို ထပ်ကာ ထပ်ကာ မပြုမိစေသင့်။မကောင်းမှု တိုးပွားခြင်းသည် ဆင်းရဲကြောင်း ဖြစ်သည်။ (စာပိုဒ် ၁၁၇)(ဓမ္မပဒ၊မြန်။၂၉။)(ဓမ္မပဒ၊၃၀။)

၆၀။ကောင်းမှုကို ထပ်ကာ ထပ်ကာ ပြုသင့်သည်။ကောင်းမှုတိုးပွားခြင်းသည် ချမ်းသာကြောင်း ဖြစ်သည်။ (စာပိုဒ် ၁၁၈)(ဓမ္မပဒ၊မြန်။၂၉။)(ဓမ္မပဒ၊၃၀။)

၆၁။ မကောင်းမှု အကျိုးမပေးသေးသရွေ့ မကောင်းမှုပြုသောသူက မကောင်းမှုကို ကောင်းသည်ဟု မြင်တတ်သည်။ (စာပိုဒ် ၁၁၉)(ဓမ္မပဒ၊မြန်။၃၀။)(ဓမ္မပဒ၊၃၁။)

၆၂။ကောင်းမှုပြုသောသူက ကောင်းမှု အကျိုးမပေးသေးသရွေ့ ကောင်းမှုပြုသောသူက ကောင်းမှုကို မကောင်းဟု မြင်တတ်သည်။ (စာပိုဒ် ၁၂၀)(ဓမ္မပဒ၊မြန်။၃၀။)(ဓမ္မပဒ၊၃၁။)

၆၃။မိုးရေပေါက်နှင့်တူသော မကောင်းမှု။(မကောင်းမှုကို အနည်းငယ်ဟူ၍ အထင်မသေးရ၊နည်းနည်း ပြုဖန်များက များပြားလာသည်။မိုးရေ တစ်ပေါက်တစ်ပေါက် ကျဖန် များက မိုးရေခံအိုး တဖြည်းဖြည်း ပြည့်သကဲ့သို့ ဖြစ်သည်။) (စာပိုဒ် ၁၂၁)(ဓမ္မပဒ၊မြန်။၃၀။)(ဓမ္မပဒ၊၃၁။)

၆၄။မိုးရေပေါက်နှင့် တူသော ကောင်းမှု။(ကောင်းမှုကိုလည်း  အနည်းငယ်ဟူ၍ အထင်မသေးရ၊နည်းနည်း ပြုဖန်များက များပြားလာသည်။မိုးရေ တစ်ပေါက်တစ်ပေါက် ကျဖန် များက မိုးရေခံအိုး တဖြည်းဖြည်း  ပြည့်သကဲ့သို့ ဖြစ်သည်။) (စာပိုဒ် ၁၂၂)(ဓမ္မပဒ၊မြန်။၃၀။)(ဓမ္မပဒ၊၃၁။)

၆၅။ မကောင်းမှုကို အန္တရာယ်ရှိသော ခရီးနှင့် အဆိပ်တို့ပမာ ရှောင်ကြဉ်သင့်သည်။ (စာပိုဒ် ၁၂၃)(ဓမ္မပဒ၊မြန်။၃၀။)(ဓမ္မပဒ၊၃၁။)

၆၆။ အဆိပ်သည် အနာမရှိသော လက်ကို မပူလောင်သကဲ့သို့ မကောင်းတဲ့စိတ်မပါဘဲ ပြုမိသော မကောင်းမှုသည် ဆိုးကျိုးမပေး။ (စာပိုဒ် ၁၂၄)(ဓမ္မပဒ၊မြန်။၃၀။)(ဓမ္မပဒ၊၃၁။)

၆၇။ လေညာသို့ ပစ်လွှင့်အပ်သော သိမ်မွေ့သော မြူမှုန့်သည် ထိုပစ်လွှင့်သူအပေါ်သို့သာ ပြန်ကျလာဘိသကဲ့သို့ သူတော်ကောင်းအား ပြစ်မှားက ပြစ်မှားသူသာ ဆိုးကျိုးရသည်။ (စာပိုဒ် ၁၂၅)(ဓမ္မပဒ၊မြန်။၃၀။)(ဓမ္မပဒ၊၃၂။)

၆၈။မကောင်းမှုမှ လွတ်ရာ အရပ် မရှိ။ (စာပိုဒ် ၁၂၇)(ဓမ္မပဒ၊မြန်။၃၁။)(ဓမ္မပဒ၊၃၂။)

၆၉။သေမင်းမလွှမ်းမိုးနိုင်သော နေရာ မရှိ။ (စာပိုဒ် ၁၂၈)(ဓမ္မပဒ၊မြန်။၃၁။)(ဓမ္မပဒ၊၃၂။)

၇၀။ကိုယ်ချင်းစာလျက် သူတစ်ပါးတို့ကို မသတ်ဖြတ် မညှဉ်းဆဲသင့်။ (စာပိုဒ် ၁၂၉)(ဓမ္မပဒ၊မြန်။၃၁။)(ဓမ္မပဒ၊၃၂။)

၇၁။ သူတစ်ပါးအား ဆင်းရဲအောင် ပြုလုပ်လျှင် ကိုယ် မချမ်းသာနိုင်။ (စာပိုဒ် ၁၃၁)(ဓမ္မပဒ၊မြန်။၃၁။)(ဓမ္မပဒ၊၃၃။)

၇၂။ သူတစ်ပါး ဆင်းရဲအောင် မလုပ်မှ ကိုယ်ချမ်းသာနိုင်သည်။ (စာပိုဒ် ၁၃၂)(ဓမ္မပဒ၊မြန်။၃၁။)(ဓမ္မပဒ၊၃၃။)

၇၃။ကြမ်းကြုတ်သော စကားကို ကိုယ်က ပြောက သူကလည်း ကြမ်းကြုတ်သော စကားဖြင့် တုံ့ပြန်တတ်သည်။ (စာပိုဒ် ၁၃၃)(ဓမ္မပဒ၊မြန်။၃၂။)(ဓမ္မပဒ၊၃၃။)

၇၄။ သူတော်ကောင်းတို့သည် မိမိကိုယ်ကို ယဉ်ကျေးအောင် ဆုံးမကြသည်။ (စာပိုဒ် ၁၄၅)(ဓမ္မပဒ၊မြန်။၃၃။)(ဓမ္မပဒ၊၃၅။)

၇၅။ သူတော်ကောင်းတို့၏ တရားတော်သည်ကား ဆွေးမြေ့အိုမင်းခြင်းသို့ မရောက်နိုင်။ (စာပိုဒ် ၁၅၁)(ဓမ္မပဒ၊မြန်။၃၄။)(ဓမ္မပဒ၊၃၆။)

၇၆။ သံသရာလည်ရာ တဏှာလက်သည်။ (စာပိုဒ် ၁၅၃)(ဓမ္မပဒ၊မြန်။၃၄။)(ဓမ္မပဒ၊၃၆။)

၇၇။ မိမိကိုယ်ကို ချစ်က ကုသိုလ်ပြုခြင်းဖြင့် မိမိကိုယ်ကို စောင့်ရှောက်ကြ။ (စာပိုဒ် ၁၅၇)(ဓမ္မပဒ၊မြန်။၃၅။)(ဓမ္မပဒ၊၃၇။)

၇၈။သူတစ်ပါးကို ဆုံးမလို ကိုယ့်ကို ပဌမ ပြုပြင်ရ။ (စာပိုဒ် ၁၅၈)(ဓမ္မပဒ၊မြန်။၃၅။)(ဓမ္မပဒ၊၃၇။)

၇၉။သူတစ်ပါးကို ဆုံးမသကဲ့သို့ မိမိကိုယ်တိုင် လိုက်နာပြုကျင့်သင့်သည်။ (စာပိုဒ်၁၅၉)(ဓမ္မပဒ၊မြန်။၃၅။)(ဓမ္မပဒ၊၃၇။)

၈၀။ မိမိသည်သာ မိမိ၏ အားကိုးရာ ဖြစ်သည်။ (စာပိုဒ် ၁၆၀)(ဓမ္မပဒ၊မြန်။၃၅။) (ဓမ္မပဒ၊၃၇။)

၈၁။ဝါးသီးသည် ဝါးပင်ကို သတ်သကဲ့သို့ မိစ္ဆာအယူသည် မိစ္ဆာအယူရှိသူကို သတ်သည်။ (စာပိုဒ် ၁၆၄)(ဓမ္မပဒ၊မြန်။၃၆။)(ဓမ္မပဒ၊၃၈။)

၈၂။မကောင်းမှုကို မိမိပြုခဲ့လျှင် မိမိသာ ညစ်နွမ်းသည်။ (စာပိုဒ် ၁၆၅)(ဓမ္မပဒ၊မြန်။၃၆။)(ဓမ္မပဒ၊၃၈။)

၈၃။ တရားကို ကျင့်သောသူသည် ဤဘဝ နောင်ဘဝ ချမ်းသာစွာ နေရသည်။ (စာပိုဒ် ၁၆၈)(ဓမ္မပဒ၊မြန်။၃၆။)(ဓမ္မပဒ၊၃၈။)

၈၄။ မုသားစကားကို ဆိုလေ့ရှိသောသူ မပြုနိုင်မည့် မကောင်းမှု အကုသိုလ်မည်သည် မရှိ ။ (စာပိုဒ် ၁၇၆)(ဓမ္မပဒ၊မြန်။၃၇။)(ဓမ္မပဒ၊၃၉။)

၈၅။ အနိုင်ယူနည်း လေးမျိုး။(စိတ်ဆိုးသူကို စိတ်မဆိုးဘဲ အနိုင်ယူရသည်။မကောင်းသူကို ကောင်းပြီး အနိုင်ယူရသည်။နှမြောသူကို ပေးပြီး အနိုင်ယူရသည်။လိမ်ညာ ပြောသူကို အမှန် ပြောပြီး အနိုင်ယူရသည်။)(စာပိုဒ် ၂၂၃)(ဓမ္မပဒ၊မြန်။၄၃။)(ဓမ္မပဒ၊၄၆။)

၈၆။ အကဲ့ရဲ့လွတ်သော သူမည်သည် လောက၌ မရှိ။ (စာပိုဒ် ၂၂၇)(ဓမ္မပဒ၊မြန်။၄၄။)(ဓမ္မပဒ၊၄၇။)

၈၇။ပန်းထိမ်သည်ပမာ မိမိ၏ အကုသိုလ်အညစ်အကြေးကို မှုတ်ထုတ်ပါ။ (စာပိုဒ် ၂၃၉)(ဓမ္မပဒ၊မြန်။၄၅။)(ဓမ္မပဒ၊၄၈။)

၈၈။မကောင်းမှုသည် သံချေးနှင့် တူသည်။ သံချေးက သံကို ဖျက်သည်။မိမိ၏ မကောင်းမှုက မိမိကို ဖျက်သည်။(စာပိုဒ် ၂၄၀)(ဓမ္မပဒ၊မြန်။၄၅။)(ဓမ္မပဒ၊၄၈။)

၈၉။သူတစ်ပါးတို့၏ အပြစ်ကို မြင်လွယ်၍ မိမိ၏ အပြစ်ကိုကား မြင်နိုင်ခဲသည်။ (စာပိုဒ် ၂၅၂)(ဓမ္မပဒ၊မြန်။၄၇။)(ဓမ္မပဒ၊၄၉။)

၉၀။ သူတစ်ပါး၏ အပြစ်ကို အစဉ်ရှုက အကုသိုလ်သာ တိုးပွား၍ နိဗ္ဗာန်နှင့် ဝေးသည်။(စာပိုဒ် ၂၅၃)(ဓမ္မပဒ၊မြန်။၄၇။)(ဓမ္မပဒ၊၅၀။)

၉၁။သာသနာ့ပြင်ပ၌ မဂ်ရ ဖိုလ်ရ ရဟန်း မရှိပါ။(စာပိုဒ် ၂၅၄)(ဓမ္မပဒ၊မြန်။၄၇။)(ဓမ္မပဒ၊၅၀။)

၉၂။ဘုရားရှင်တို့သည် လမ်းမှန်ကို ညွှန်ကြားရုံမျှသာ ညွှန်ကြားတော်မူနိုင်ကြသည်။ (စာပိုဒ် ၂၇၆)(ဓမ္မပဒ၊မြန်။၅၀။)(ဓမ္မပဒ၊၅၂။)

၉၃။ ကာယဂတာသတိပွားများပါက အာသဝေါတရားများ ချုပ်ငြိမ်းကြသည်။ (စာပိုဒ် ၂၉၃)(ဓမ္မပဒ၊မြန်။၅၂။)(ဓမ္မပဒ၊၅၅။)

၉၄။သူတပါး လှူသော ဆွမ်းကို သီလမရှိဘဲ စားရခြင်းထက် ရဲရဲ တောက်လောင်နေသော သံတွေခဲကို မျိုရခြင်းက  မြတ်သည်။ (စာပိုဒ် ၃၀၈)(ဓမ္မပဒ၊မြန်။၅၄။) (ဓမ္မပဒ၊၅၇။)

၉၅။ရှက်ဖွယ်မဟုတ်ရာ၌ ရှက်တတ်၍ ရှက်ဖွယ်ဟုတ်ရာ၌ မရှက်တတ်ကုန်သော သူတို့သည် ဒုဂ္ဂတိဘဝသို့ ရောက်ကြရသည်။ (စာပိုဒ် ၃၁၆)(ဓမ္မပဒ၊မြန်။၅၅။)(ဓမ္မပဒ၊၅၈။)

၉၆။ကြောက်ဖွယ်မဟုတ်သည်ကို ကြောက်ဖွယ်ဟု ရှုလေ့ရှိကြ၍ ကြောက်ဖွယ်ဟုတ်သည်ကို ကြောက်ဖွယ်မဟုတ်ဟု ရှုလေ့ရှိကုန်သော သူတို့သည် ဒုဂ္ဂတိဘဝသို့ ရောက်ကြရသည်။ (စာပိုဒ် ၃၁၇)(ဓမ္မပဒ၊မြန်။၅၅။)(ဓမ္မပဒ၊၅၈။)

၉၇။အပြစ်မဟုတ်သည်ကို အပြစ်ဟု အယူရှိကြ၍ အပြစ်ဟုတ်သည်ကို အပြစ်မဟုတ်ဟု ရှုလေ့ရှိကြသော သူတို့သည် ဒုဂ္ဂတိဘဝသို့ ရောက်ကြရသည်။ (စာပိုဒ် ၃၁၈)(ဓမ္မပဒ၊မြန်။၅၅။)(ဓမ္မပဒ၊၅၈။)

၉၈။အပြစ်ကို အပြစ်ဟု၊ အပြစ်မဟုတ်သည်ကို အပြစ်မဟုတ်ဟု သိကြသူတို့သည် သုဂတိဘဝသို့ ရောက်ကြရသည်။ (စာပိုဒ် ၃၁၉)(ဓမ္မပဒ၊မြန်။၅၅။)(ဓမ္မပဒ၊၅၈။)

၉၉။ ယဉ်ကျေးသော ဆင်မြင်း-စသည်သာ ပွဲထုတ် ခံရသကဲ့သို့ ယဉ်ကျေးသူသာ ပွဲထုတ်ခံရတတ်သည်။ (စာပိုဒ် ၃၂၁)(ဓမ္မပဒ၊မြန်။၅၅။)(ဓမ္မပဒ၊၅၉။)

၁၀၀။ညွန်၌ နစ်နေသော ဆင်ပြောင်ကြီးသည်  ညွန်မှ ရုန်းထွက်သကဲ့သို့ ကိလေသာညွန်၌ နစ်နေသူတို့သည် ကိလေသာညွန်မှ ရုန်းထွက်ကြရမည်။ (စာပိုဒ် ၃၂၇)(ဓမ္မပဒ၊မြန်။၅၆။)

ဗုဒ္ဓစကား ၁၀၀
စိန်ရတနာဆရာတော်

ဓမ္မပဒအနှစ်တွေပါ

No comments:

Post a Comment